မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ နံနက်ခင်းစားစရာလေးကို ဒီတစ်ခါမှာတော့ ငှက်ပျောက်ကြက်ဥကြော်လေးပြင်ဆင်ပေးလိုက်ရအောင်နော်။ ခက်ခဲမှုလည်းမရှိဘဲ ကလေးတေွလည်း အကြိုက်တေွ့စေဖို့ အလွယ်တကူပြင်ဆင်ပေးနိုင်မှာပါနော်။ (တစ်နည်းပြောရရင်တော့ Home made banana pancakes လို့ ခပ်ကြွားကြွားလေးပြောလိုက်နော် ...)
ပါ၀င်တဲ့ပစ္စည်းတေွကတော့ ငှက်ပျောသီးနှစ်လုံးနဲ့ ကြက်ဥနှစ်လုံး ထောပတ်အနည်းငယ်ပဲလိုပါတယ်။ အလှဆင်မယ်ဆိုရင်တော့ တစ်နှစ်အထက်ကလေးငယ်တေွအတွက် ပြင်ဆင်ပေးဖို့ နောက်ထပ် ငှက်ပျောသီးတစ်ပိုင်းနဲ့ ပျားရည်လေးအနည်းငယ်လိုအပ်မှာပါနော်။
ပြုလုပ်နည်းလေးကတော့ အရင်ဆုံး ငှက်ပျောသီးနှစ်လုံးကို အခွံခွာပြီး ပန်းကန်လုံးလေးထဲမှာထည့်ပြီး ချေပေးရပါမယ်။ ကျေညက်သွားအောင်ဇွန်းလေးနဲ့ ချေပေးပြီးရင်တော့ အထဲကို ကြက်ဥနှစ်လုံးဖောက်ထည့်ပြီး သမအောင် ခေါက်ပေးရပါမယ်။ သမသွားပြီး ကြက်ဥအမြုပ်လေးတေွထွက်တဲ့အထိခေါက်ပေးပါနော်။
ပြီးတဲ့အခါမှာတော့ ဒယ်အိုးအပြန့်ထဲကို ထောပတ်ခဲထည့်ပြီးပျော်သွားရင်တော့ ကြက်ဥငှက်ပျောသီးခေါက်ထားတာလေးကို စားပွဲဇွန်း ၂ ဇွန်စာစီထည့်ပြီး ကြော်ပေးရပါမယ်။ တစ်ဖက်စီလှန်ပြီးရဲရဲလေးဖြစ်အောင် ကြော်ပေးပါနော်။
အားလုံးပြီးသွားရင်တော့ ပန်းကန်ပြားထဲထည့်ပြီး ငှက်ပျောသီးလေးများကို အဝိုင်းလိုက်လှီးထားသည်များတင်ပြီး အပေါ်ကနေ ပျားရည်ဆမ်းပြီး သားသားမီးမီးတို့ကို ကျေွးနိုင်ပါပြီနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)