ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေအနေနဲ့ အချိုစာ စားသုံးတဲ့အခါ ကွတ်ကီး ၊ ပူတင်း ၊ အေးခဲနေတဲ့ အချိုမုန့်တွေနဲ့ ဖျော်ရည်တွေကိုသာ ရွေးချယ်စားသုံးလေ့ရှိကြပါတယ်။ တကယ်တော့ ဒီအစားအစာတွေဟာ မိခင်လောင်းနဲ့ သန္ဓေသားကျန်းမာရေးအတွက် ကောင်းမွန်ခြင်းမရှိပါဘူး။ အဲ့ဒီအချိုစာတွေနေရာမှာ ကျန်းမာရေးအတွက် အကျိုးရှိစေမယ့်အရာနဲ့ အစားထိုးလို့ရပါတယ်။
အဲ့ဒါကတော့ စပျစ်သီးခြောက်ပါ။ စပျစ်သီးခြောက်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရမ်းကိုသင့်တော်တဲ့ အချိုစာတစ်မျိုးပါ။ စပျစ်သီးခြောက်မှာ အာဟာရဓာတ်တွေအဖြစ် ပိုတက်ဆီယမ် ၊ ကယ်လ်စီယမ်နဲ့ ဖော့စဖောရပ်စ်ဓာတ်တွေ ပါဝင်နေတာကြောင့် သန္ဓေသားကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေဟာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ ဖြစ်ပွားတတ်ပါတယ်။ စပျစ်သီးခြောက်မှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိခင်လောင်းတွေ အများဆုံးကြုံတွေ့ရလေ့ရှိတဲ့ ဝမ်းချုပ်ခြင်းနဲ့ အခြား အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿာနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
စပျစ်သီးခြောက်ဟာ မိခင်လောင်းရဲ့သွားကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ရုံသာမက ကင်ဆာနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ချေတို့ကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ ဂလူးကို့စ်နဲ့ သကြားဓာတ် အဓိကပါဝင်နေတာကြောင့် သင့်ကို စွမ်းအင်အမြောက်အများလည်း ပေးစွမ်းနိုင်ပါသေးတယ်။
စပျစ်သီးခြောက်မှာပါဝင်တဲ့ ဗီတာမင်အေဓာတ်ကြောင့် မိခင်လောင်းတို့ ပုံမှန်စားသုံးပေးမယ်ဆိုရင် သင်ရင်သွေးရဲ့ အမြင်အာရုံစွမ်းရည်နဲ့ အရိုးအဆစ်သန်မာမှုတို့ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေအနေနဲ့ အချိုတည်းတော့မယ်ဆိုရင် စပျစ်သီးခြောက်ကို သတိရဖို့ မှာကြားပါရစေ။
HYA (kyarlay)