မေမေတို့ရေ အခုခေတ်မှာ မေမေတွေက ဖေဖေတွေနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြသူတွေအများကြီးရှိပါတယ်။ အလုပ်တွေမှာ ရင်သွေးငယ်လေးတွေကို မွေးဖွားချိန်ခွင့်ရတယ်ဆိုပေမယ့် အချိန်တန်လို့ လုပ်ငန်းခွင်ပြန်ဝင်ကြရတဲ့အခါ ရင်သွေးငယ်လေးတွေကို နို့ချိုတိုက်ကျွေးဖို့ ခက်ခဲမှုတွေကိုရတတ်ပါတယ်။ အဲ့ဒီလိုအခက်အခဲတွေရှိတယ်ဆိုပေမယ့် ရင်သွေးငယ်လေး ကျန်းမာပြီး စံချိန်မီကြီးထွားဖွံ့ဖြိုးဖို့အတွက်ဆိုရင်တော့ မိခင်နို့ကို တတ်နိုင်သမျှများများတိုက်နိုင်ဖို့အတွက် ကြိုးစားသင့်ပါတယ်။
လုပ်ငန်းခွင်ကိုပြန်ဝင်ကြတဲ့ မိခင်တွေအနေနဲ့ ကလေးကို မနက်စောစောတစ်ကြိမ်နို့တိုက်ထားပြီး အလုပ်သွားခါနီးမှာ နောက်တစ်ကြိမ် နို့တိုက်သင့်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း နို့ကိုအချိန်မှာ ညှစ်ထုတ်ပေးပြီး အလုပ်ခွင်ကနေ အိမ်ပြန်ရောက်တာနဲ့ ကလေးကို နို့တိုက်နိုင်ပါတယ်။ ညှစ်ထုတ်ထားတဲ့ နို့ရည်တွေကိုတော့ သေချာသိမ်းဆည်းပြီး မိခင်အလုပ်သွားနေချိန်မှာ ကလေးကိုတိုက်ကျွေးလို့ရပါတယ်။ ညှစ်ထားတဲ့မိခင်နို့ကို သန့်ရှင်းခြောက်သွေ့အေးမြတဲ့နေရာမှာ ၈ နာရီကြာတဲ့အထိ သိမ်းဆည်းထားနိုင်ပါတယ်။ ကလေးကိုညှစ်ထားတဲ့မိခင်နို့တိုက်ချိန်မှာ ဇွန်းလေးနဲ့တိုက်ကျွေးနိုင်ပါတယ်နော်။
(အာဟာရဆရာဝန်ကြီးဒေါက်တာလှကြည် ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)