မေမေတို့ရေ မေမေတို့အပါအဝင် အမျိုးသမီးတွေအားလုံးသိထားသင့်တဲ့ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးနဲ့စမ်းသပ်နိုင်တယ်ဆိုတာကို မေမေတို့အတွက် မျှဝေပေးချင်ပါတယ်နော်။ ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ကိုယ်တိုင်စမ်းသပ်နိုင်ဖို့ဆိုရင်တော့ ရာသီလာပြီးတဲ့အချိန်မှာ စမ်းသပ်ရမှာဖြစ်ပါတယ်။
စမ်းသပ်တဲ့အခါမှာတော့ အိပ်ပြီးပဲဖြစ်ဖြစ် မတ်တပ်ပဲဖြစ်ဖြစ် စမ်းသပ်နိုင်ပါတယ်။ ကိုယ်တိုင််အလွယ်တကူစမ်းသပ်နိုင်တဲ့အတွက် တစ်လတစ်ကြိမ်ပုံမှန်စမ်းသပ်ပေးမယ်ဆိုရင် အဖုအကျိတ်ဖြစ်လာတာနဲ့ ချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်နော်။ ရာသီမှန်တဲ့ အမျိုးသမီးတွေအတွက်တော့ တစ်လတစ်ရက် ရက်သတ်မှတ်ပြီးပုံမှန်လေးစမ်းသပ်ပေးမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်။
စမ်းသပ်နည်း ..
- အိပ်လျက်အနေအထားဖြင့် စမ်းသပ်မည်ဖြစ်ဆိုပါက ယာဘက်ရင်သားကိုစမ်းဖို့အတွက် ယာဘက်ပခုံးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ယာဘက်လက်ကိုဦးခေါင်းနောက်မြှောက်ထားပြီး ဝဲဘက်လက်နဲ့ စမ်းသပ်ရမှာပါ။ ဝဲဘက်ရင်သားစမ်းသပ်ဖို့ကတော့ ဝဲဘက်ပခုံးအောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး ဝဲဘက်လက်ကိုဦးခေါင်းနောက်မြှောက်ထားပြီး ယာဘက်လက်နဲ့ စမ်းသပ်ရမှာဖြစ်ပါတယ်။
- စမ်းသပ်တဲ့အခါမှာတော့ လက်ညှိုး၊ လက်ခလယ်၊ လက်သန်းကြွယ် သုံးချောင်းနဲ့စမ်းသပ်ရမှာဖြစ်ပါတယ်။
- သေချာစွာဖိပြီး စမ်းသပ်ဖို့လိုပါတယ်။
- ရင်သားကိုစနစ်တကျ လှည့်ပတ်စမ်းသပ်ရပါမယ်။
- ညှပ်ရိုးရဲ့အပေါ်နဲ့အောက်အပြင် ချိုင်းကိုလည်း စမ်းသပ်ရပါမယ်။
- မှန်ရှေ့မှာရင်သားချိုင့်နေခြင်း၊ နို့သီးခေါင်းအနေအထား အရောင်ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်းရှိ/မရှိစစ်ဆေးရပါမယ်။
အဲ့ဒီလိုကြည့်ရှုတဲ့အခါမှာ ရင်သားနှစ်ဖက်အနိမ့်အမြင့်မတူတာ၊ ရင်သားပေါ်ရှိအရေပြားချိုင့်ဝင်ခြင်း၊ ရင်သားမှာ မြင်သာတဲ့အဖုအကျိတ်ရှိ၊ မရှိ၊ နို့သီးခေါင်းဝင်နေခြင်းရှိ၊ မရှိ၊ နို့သီးခေါင်း အရေပြားပြောင်းလဲမှုရှိ၊ မရှိ၊ ရင်သားနှစ်ဖက် အရွယ်ပမာဏမတူညီခြင်း၊ လက်မောင်းရောင်နေခြင်းရှိ/မရှိ၊ နို့သီးခေါင်းမှအရည် (သို့) သွေးထွက်ခြင်းရှိ/မရှိ၊ လည်ပင်းနှင့် ချိုင်းအောက်မှာ အကျိတ်အဖုရှိ/မရှိ ဆိုတာတွေကိုစစ်ဆေးရမှာဖြစ်ပါတယ်။ သံသယဖြစ်စရာအဖုအကျိတ်တွေ့ပါက သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေခံယူရမှာဖြစ်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး