မေမေတို့ရေ ဘေဘီလေးတွေကို နေ့စဉ်ကျွေးမွေးတဲ့အစားအစာတွေထဲမှာ အာဟာရဓာတ်တွေစုံလင်အောင် ပါ၀င်ဖို့အရေးကြီးတယ်နော်။ နေ့စဉ်ပါ၀င်သင့်တဲ့ဓာတ်တွေအနက် အသားဓာတ်က ခန္ဓာကိုယ်အတွက် ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကိုလည်း မျှဝေပေးချင်ပါတယ်။ မေမေတို့ရေ ...
- အသားဓာတ်မှာပါတဲ့ အမိုင်နိုအက်ဆစ်တွေကို သွေးမှာပါတဲ့ ဟေမိုဂလိုဘင်၊ သွေးခဲစေတဲ့ပစ္စည်း၊ ဟိုမုန်း အချို့၊ ဆဲလ်များ ကြီးထွားဖို့၊ ပွားများဖို့လိုအပ်တဲ့ Nucleic Acid တွေနဲ့ ကိုယ်ခံစွမ်းအားတည်ဆောက်ဖို့အတွက် အသုံးဝင်ပါတယ်။
- နို့တိုက်မိခင်တွေလည်း နို့ထွက်ကောင်းမွန်စေဖို့ဆိုရင် အသားဓာတ်ကလိုအပ်ပါတယ်။
- ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ပျက်စီးမှုတွေကိုကာကွယ်ဖို့ အသားဓာတ်က ပိုမိုလိုအပ်တာလည်းဖြစ်ပါတယ်။
- သွေးမှာသကြားဓာတ်လိုအပ်တဲ့အခါမှာလည်း အမိုင်နိုအက်ဆစ်တွေကိုအသုံးပြုပြီး အသည်းနဲ့ကျောက်ကပ်ကနေ ဂလူးစ်ကို့စ်တည်ဆောက်ပေးနိုင်ပါတယ်။
- ခွဲစိတ်ပြီးလူနာတွေ အနာကျက်ဖို့နဲ့ နလန်ထစလူနာတွေ ရောဂါလျင်မြန်စွာပျောက်ကင်းစေဖို့ အသားဓာတ်ကိုများများစားပေးရမှာပါ။
- အမိုင်နိုအက်ဆစ်ကနေ တည်ဆောက်ယူရတဲ့ ကိုယ်ခံစွမ်းအားကလည်း ရောဂါတွေကို တိုက်ဖျက်ရာမှာ အရေးပါပါတယ်နော်။
မေမေတို့ရေ အသားဓာတ်ချို့တဲ့မယ်ဆိုရင် ပရိုတင်းအင်အားချို့တဲ့တဲ့ရောဂါဖြစ်နိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားကျဆင်းလာပြီး ရောဂါအမျိုးမျိုးဝင်လွယ်နိုင်ပါတယ်။ ကြာရှည်လာမယ်ဆိုရင်တော့ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နှေးကွေးစေပါတယ်နော်။ အဲ့ဒါကြောင့် သားသားမီးမီးတို့တွေ အသားဓာတ်ပြည့်ဝစေဖို့အတွက် ဂရုစိုက်ပေးပါနော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး