ဖေဖေ၊ မေမေတို့ရေ အခုနောက်ပိုင်း မိသားစုတွေကြားမှာ ပဋိဇီဝဆေးယဉ်ပါးမှုတွေ အရင်ကထက်ပိုမိုတွေ့လာရတယ်နော်။ ဆေးယဉ်ပါးမှုတွေနဲ့အတူ ဆေးမတိုးတော့ဘဲ ကူးစက်ရောဂါတွေကိုကုသရာမှာ အခက်အခဲတွေရှိတာမျိုးကြုံလာရပါတယ်။ လူကြီးတွေအတွက်တော့ ပင်ကိုယ် ကိုယ်ခံစွမ်းအားရှိနေသေးတာကြောင့် ခံနိုင်ရည်စွမ်းအားရှိသေးတယ်ဆိုပေမယ့် ကလေးငယ်တွေမှာတော့ ပိုမိုခံစားရနိုင်ပြီး အန္တရာယ်နဲ့ကြုံရတာမျိုးတွေဖြစ်တတ်ပါတယ်။
အချို့လူကြီးတွေက ကလေးငယ်တွေနေမကောင်းတစ်စုံတစ်ရာခံစားရတဲ့အခါ လက်လှမ်းမီသလောက်ဆေးဝါးတွေနဲ့ နေအိမ်မှာပဲ ကုသတတ်ကြပါတယ်။ အချို့တွေကတော့ ဘယ်သူဖြစ်တုန်းကတော့ ဘာဆေးနဲ့အဆင်ပြေတယ်ဆိုပြီး အခြားသူတစ်ဦးဦးအတွက် ကောင်းမွန်ခဲ့တဲ့ ဆေးနည်းတွေနဲ့ တိုက်ကျွေးကုသတတ်ကြပါတယ်။
မေမေတို့ရေ ရင်သွေးငယ်လေးတွေအတွက် အဲ့ဒီလိုအခြားသူတစ်ဦးဦးရဲ့လမ်းညွှန်မှု၊ ကိုယ်တိုင်ဆေးတိုက်ကျွေးတာတွေကို ရှောင်ရှားဖို့လိုပါတယ်နော်။ လူတစ်ဦးနဲ့တစ်ဦး ကလေးတစ်ဦးနဲ့ တစ်ဦးရဲ့ ကိုယ်ခံစွမ်းအား၊ တစ်ဦးနဲ့တစ်ဦးအခြေအနေတွေက အသေးစိတ်မတူညီနိုင်တာကြောင့် ဝေဒနာတစ်ခုခုခံစားရတဲ့ သက်ဆိုင်ရာဆရာဝန်၊ ဆရာမတွေနဲ့ ပြသတိုင်ပင်ပြီး သူတို့ရဲ့လမ်းညွှန်ချက်နဲ့သာ ဆေးတိုက်ကျွေး၊ သောက်သသုံးမှုတွေကို ပြုလုပ်သင့်ပါတယ်လို့ ကျားလေးက အကြံပြုမျှဝေပေးလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး