
အသက် ၁ နှစ်ခွဲအောက်ကလေးတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ ဘယ်လောက် ခန့်မှန်းရခက်သလဲဆိုတာ ကလေးတစ်ယောက်မွေးပြီး ထိန်းသိမ်းစောင့်ရှောက်ဖူးသူဆို ကောင်းကောင်းသိမှာပါ။ ကလေးမွေးပြီး ဒီအချိန်တွေက အမေတစ်ယောက်အတွက် အပင်ပန်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။ အခု ဒီဆောင်းပါးမှာတော့ ကလေးငယ်လေးတွေ ညဖက်ဆို ရုတ်တရက် နိုးတတ်တဲ့အကြောင်းတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။သင့်ကလေးက အမြဲတမ်းလိုလို ညဖက်နိုးတတ်တာလား ဒါမှမဟုတ် မကြာသေးခင်ကမှ ဒီလိုဖြစ်လာတာလား။ ဘာ့ကြောင့်ပဲဖြစ်ဖြစ် ကလေးနိုးတာသက်သာအောင် အောက်က နည်းလမ်းလေးတွေ စမ်းကြည့်နိုင်ပါတယ်။
.

၁။ အခန်းအပူချိန်နဲ့ အဝတ်အစားကို သတိပြုပါ
--------------------------------------------------
ကလေးအိပ်မယ့် အခန်းအပူချိန်က သက်တောင့်သက်သာရှိပါစေ၊ အရမ်းပူနေရင်ဖြစ်စေ အရမ်းအေးနေရင်ဖြစ်စေ ကလေးအိပ်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ အပြင်ရာသီဥတုနဲ့ ကိုက်ညီမယ့် ကလေးအတွက်လည်း အဆင်ပြေစေမယ့် အခန်းအပူချိန်ကို ထိန်းညှိထားပါ။ နောက်ပြီး ကလေးညအိပ်ရင် ဝတ်အိပ်မယ့် အဝတ်အစားကိုလည်း အဆင်ပြေအောင် ရွေးချယ်ပါ။

၂။ အချိန်နဲ့အခါနဲ့ သိပ်ပါ
--------------------------
လူကြီးတွေမှာ အိပ်ချိန် စားချိန်အပြောင်းအလဲဖြစ်တာ ချိန်ညှိရလွယ်ပေမဲ့ ကလေးတွေမှာတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ကလေးကို ညဖက်ဒီအချိန်သိပ်နေကျဆိုရင် အဲ့ဒီအချိန်ပဲ သိပ်ဖို့ ကြိုးစားပါ။ ဒါမှကလေးအနေနဲ့ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။ အကြောင်းရှိလို့ ခရီးတွေဘာတွေ သွားရင်တောင်မှ ကလေးကို တတ်နိုင်သလောက် အချိန်မှန်သိပ်ပေးပါ။ အချိန်ကြာလာတာနဲ့ ကလေးကလည်း သူ့ရဲ့ အိပ်ယာဝင်ချိန်ကို သူ့အလိုလို သိလာမှာ ဖြစ်တယ်။
၃။ ဗိုက်ပြည့်ပါစေ
-------------------------
ကလေးက မအိပ်ခင်မှာ ဗိုက်ကောင်းကောင်းပြည့်နေမယ်ဆိုရင် သူ့အနေနဲ့ ညဖက်တစ်ရေးနိုးလာဖို့ အခွင့်အရေး သိပ်ကိုနည်းပါတယ်။ ဒါ့ကြောင့် ကလေးညစာဟာ အာဟာရလည်းပြည့်ဝပြီး ဗိုက်လည်း ကောင်းကောင်းပြည့်မယ့် အစားအစာမျိုးကို ဦးစားပေးကျွေးပေးပါ။ ဒါဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုရုံသာမက ညဖက်အိပ်ရေးပျက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

၄။ အိ်ပ်ခါနီး ဆော့ကစားခြင်းမပြုပါနဲ့
---------------------------------------------
ကလေးနဲ့ ဆော့ကစားတာ၊ စကားပြောဆိုတာကနေ ဂိမ်းဆော့တာလို ကိစ္စမျိုးတွေကို အိပ်ခါနီးအချိန်မှ မပြုလုပ်ပါနဲ့။ အိပ်ခါနီးဆို သီချင်းလေး ငြင်ငြင်သာသာလေး ဆိုပြီးချော့သိပ်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဂိမ်းဆော့တဲ့အချိန်၊ တီဗီကြည့်တဲ့အချိန်က အိပ်ချိန်နဲ့အရမ်းနီးနေရင် ကလေးက မျက်လုံးကြောင်နေပြီး လွယ်လွယ်နဲ့အိပ်မှာမဟုတ်ပါဘူး။ဒီနည်းတွေကတော့ ကလေးငယ်ညဖက်မနိုးအောင်သင့်အနေနဲ့ ပြုလုပ်ပေးနိုင်တဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကလေးက အိပ်ချိန်မမှန်လို့ ဆိုပြီး သိပ်ပြီးလည်းမစိုးရိပ်ပါနဲ့။ ဒီလိုကိစ္စမျိုးတေွက ကလေးအသက် တစ်နှစ်ခွဲလောက်ထိပဲ ဖြစ်တတ်ပြီး နောက်ပိုင်းဆို သူ့အလိုလိုအိပ်ချိန်မှန်သွားမှာပါ။ အခု ဆောင်းပါးဖတ်နေတဲ့ အထဲမှာရော ကလေးညဖက်နိုးလို့ မိခင်တွေပါ၀င်ပါသလား။ ပါ၀င်နေတယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို တစ်ချက်လောက်စမ်းကြည့်လိုက်ပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး