
ကလေးတွေရဲ့ဆံသားနဲ့ဦးရေပြားဟာ လူကြီးဆံပင်ထက် နုနယ်လို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကလေးလေးတွေအတွက် ဆံသားဂရုစိုက်စောင့်ရှောက်မှုတွေ လိုအပ်သလောက် မလုပ်ပေးတာတွေကြောင့်လည်းပြဿနာတွေဖြစ်လာစေတတ်ပါတယ်။ကလေးတွေမှာမွေးဆံပင်လေးတွေပါလာတတ်ပေမယ့် အများစုက ရက်ကနေ လသားအရွယ်အတွင်းမှာ ရိတ်ပစ်ကြတာများပါတယ်။ ကလေးလေးတွေရဲ့ဆံသားကကောက်ကွေးကွေးလေးတွေ ၊ အဖြောင့်လေးတွေ၊ ဆံပင်ထူတာ၊ ဆံပင်ပါးတာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘယ်လိုဆံသားမျိုးပဲဖြစ်နေပါစေ ကလေးဆံသားက နုနယ်လွန်းတာကြောင့် လူကြီးတွေထက် ထိခိုက်လွယ်၊ ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ဆံသားခြောက်သွေ့မှု၊ ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပေးနိင်မယ့် အချက်လေးတွေ သိထားသင့်ပါတယ်။

၁။ မလိုအပ်ဘဲ ခဏခဏခေါင်းမလျော်ပေးပါနဲ့
------------------------------------------------
၆လအောက် ကလေးငယ်တွေရဲ့ဦးရေပြားမှာ အဆီနည်းတာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီးခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးငယ်လေးအတွက် ခဏခဏခေါင်းလျှော်တာ အအေးမိနိုင်ခြေလည်းပိုများတာကြောင့် ဂရုစိုက်ပေးပါ။နောက်တစ်ချက်က ကလေးကိုခေါင်းလျော်ပေးရင် ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းစေမယ့် baby shampoo ကိုပဲရွေးသုံးပါ။ ကလေးသီးသန့်မဟုတ်ဘဲ လူကြီးသုံး ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် ကြုံရာခေါင်းလျှော်ရည်တွေနဲ့ အလွယ်မလျှော်ပေးပါနဲ့။ ဓါတုပစ္စည်းတွေပါဝင်လို့ ကလေးရဲ့ဦးရေပြား နုနုလေးကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းလျှော်ပေးဖို့ သင့်မသင့်ကို ရာသီဥတုပြောင်းလဲမှုတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ကလေးမှာဗောက်ထသလိုမျိုးဦးရေပြား အဆီထွက်များ၊ အရေခွံကွာတဲ့cradle capဖြစ်နေတယ်ဆိုရင်တော့ တစ်ပတ် သုံးကြိမ်အထိ တိုးပြီးလျှော်နိုင်ပါတယ်။ ဒါပေမယ့် အရေခွံအဖတ်လေးတွေသက်သာအောင်ခေါင်းမလျော်ခင်တိုင်းမှာ ဦးရေပြားကို သံလွင်ဆီနည်းနည်းလိမ်းပေးပါ။
၂။ ရှန်ပူကို ကလေးရဲ့ဆံသားမှာ နှိပ်နယ်ပေးပါ
-------------------------------------------------
ရှန်ပူမလိမ်းခင် ဆံသားကိုရေဆွတ်ပြီးရင် ရှန်ပူအနည်းငယ်ကို ကလေးရဲ့ဦးရေပြားမှာ ညင်သာစွာနှိပ်နယ်ပေးပါ။ပြီးရင်တော့ ရှန်ပူတွေစင်အောင်ရေနဲ့သေချာလျှော်ပေးဖို့တော့ လိုပါတယ်။ဒီလို နှိပ်နယ်တဲ့အခါ လက်ချောင်းထိပ်လေးနဲ့ပဲ အသာအယာလုပ်ပေးပါ။ လက်သည်းနဲ့မထိအောင်ဂရုစိုက်ပါ။ကလေးရဲ့ဆံပင်က ကပ်နေတဲ့ ဆံပင်ကောက်ခွေလေးတွေဖြစ်ရင် လုံးထွေးပြီးမလျှော်ပါနဲ့။ ဆံပင်လေးတွေရှုပ်ထွေး၊ ထုံးသွားစေနိုင်လို့ပါ။ လက်ချောင်းလေးနဲ့ ထိုးဖွဖွပြီးရေလောင်းပေးပါ။ကလေးရဲ့ဆံသားကိုမူတည်ပြီး ရှန်ပူပမာဏကို အတိုးအလျော့ချင့်ချိန်ပါ။ကလေးမှာ ဦးရေပြားယားယံတာ၊ခြောက်သွေ့တာ၊အရေခွံအဖတ်လန်တာတွေဖြစ်လာရင်ခေါင်းလျှော်ရည်တွေ မစင်တာကြောင့်ဖြစ်နိုင်ပါတယ်။

၃။ conditioner သုံးဖို့သင့်မသင့် ဆုံးဖြတ်ပါ
----------------------------------------------
ခြောက်သွေ့တဲ့ဆံသား၊ကောက်တဲ့ဆံသားတွေကိုခေါင်းလျှော်ပြီးရင်conditioner သုံးပေးသင့်ပါတယ်။Conditioner က ဆံသားကိုတောက်ပစေ၊ပျော့ပျောင်းစေပါတယ်။ ခြောက်သွေ့တဲ့ရာသီ၊ အေးစိမ့်တဲ့ရာသီတွေမှာ conditioner ကိုပိုလိုအပ်ပါတယ်။
၄။ ဓါတုပစ္စည်းအပြင်းတွေ ကိုရှောင်ပါ
-----------------------------------------
လူကြီးတွေအတွက်ထုတ်လုပ်တဲ့ ဆံသားထိန်းသိမ်းရေးပစ္စည်းတွေကိုကလေးတွေမှာ မသုံးပါနဲ့။ ဓါတုပစ္စည်းတွေပါဝင်တတ်လို့ နုနယ်တဲ့ကလေးဦးရေပြားကို ထိခိုက်စေနိုင်ပါတယ်။

၅။ ကလေးကို ဆံပင်ညှပ်ပေးပါ
----------------------------------
သင့်ကလေးက တသက်တစ်နှစ်ဝန်းကျင်ရှိပြီဆိုရင် ဆံပင်စညှပ်ဖို့အချိန်ရောက်ပါပြီ။ ကလေးငယ်တစ်ယောက်အတွက် ဆံပင်အညှပ်ခံဖို့ကိုကြောက်လန့်ကောင်းကြောက်လန့်နိုင်ပေမယ့် ဘာမှကြောက်စရာမရှိကြောင်း မိဘကဘေးမှာနေပြီးချော့ပေးလိုက်ပါ။ ဆံပင်ပုံမှန်ညှပ်ပြီး သပ်ရပ်စွာရှိနေမှ ဆံသားကျန်းမာပြီး သန်စွမ်းလာနိုင်မှာပါ။ ဆံပင်မညှပ်ဘဲ မဖြီးဘဲ ကလေးဆံသားကိုဂရုမစိုက်ခဲ့ရင် ရှုပ်ထွေးတာ၊ ဆံပင်ကျိုးပြတ်တာ ၊ ဆံပင်ကျွတ်တာတွေဖြစ်လာနိုင်ပြီး ဦးရေပြားမှာ ယားယံလာရင် ကုတ်ဖဲ့ရာက အနာတွေဖြစ်စေနိုင်တဲ့အထိနောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ပါတယ်။
၆။ ဦးရေပြားကို ကာကွယ်ပါ
---------------------------------
ဆောင်းတွင်း သို့မဟုတ်နွေရာသီမှာ ကလေးကို ဦးထုပ်ဆောင်းပေးရပါမယ်။ ဒါဟာ ဦးရေပြားကို ကာကွယ်ပေးရာရောက်ပြီး ဆံပင်သန်စွမ်းကျန်းမာစေပါတယ်။ကလေးမှာ ဆံပင်ကျွတ်လာတာ၊ ဦးရေပြားပြဿနာရှိလာတာမျိုးမှာ ဆရာဝန်ပြပါ။ခေါင်းလျှော်ရည်နဲ့conditionerတွေ ကလေးမျက်လုံးထဲ မဝင်စေဖို့ ဂရုစိုက်ပေးပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး