
နို့တိုက်မိခင် တွေကြုံတွေ့ရတတ်တဲ့ နို့သီးခေါင်းနာခြင်း၊ ကွဲအက်ခြင်းတွေနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတာတွေကို ပြန်ပြီးမျှဝေပေးသွားပါမယ်။ နို့သီးခေါင်းနာခြင်းနဲ့ ကွဲအက်ခြင်းဖြစ်ပွားရတဲ့ အကြောင်းအရာတွေကတော့ ကလေးအနေနဲ့ နို့သီးခေါင်းသက်သက်ကိုသာ စုပ်ယူနေခြင်း၊နို့သီးခေါင်းကို ဆပ်ပြာနဲ့ဆေးခြင်း ၊ အရက်ပျံသုတ်လိမ်းခြင်း၊ နို့စို့နေသောကလေးအား မိခင်နို့မှအတင်းဆွဲယူဖယ်ပစ်ခြင်း၊နို့သီးခေါင်း၌ မက်ခရုပေါက်ခြင်း တွေကြောင့်ဖြစ်ပွားနိုင်ပါတယ်။
အချို့သောမိခင်တွေကတော့ နို့တိုက်ခါနီးမှာ နို့ကိုဆေးတတ်ကြပါတယ်။ အဲ့ဒီလိုဆေးကြောမယ်ဆိုရင်တော့ အသားပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို နည်းပါးစေပြီး နို့သီးခေါင်းကွဲတာကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ မိခင်နို့သီးခေါင်းနာတာကြောင့် ကလေးကို နို့မတိုက်ဘဲနေရင်လည်း နို့တင်းပြီး နောက်ဆက်တွဲပြဿနာတွေဖြစ်ပွားနိုင်ပါတယ် ။
နို့သီးခေါင်းနာနေတယ်ဆိုရင်တော့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။နို့တိုက်ပြီးချိန် နောက်ဆုံးညှစ်ထုတ်လိုက်တဲ့ နှောင်းပိုင်းနို့ရည်နဲ့ နို့သီးခေါင်းကို သုတ်လိမ့်ခဲ့ဖို့လိုပါတယ်။
ကလေးကို မကြာခဏနို့စို့စေခြင်းနဲ့ နို့တင်းမှုကို ရှောင်ကြဉ်ရပါမယ်။နို့သီးခေါင်းခြောက်သွေ့လွယ်စေဖို့ နေရောင်ခြည်ပေးတာ၊လေသလပ်စေတာတွေကို ပြုလုပ်ပေးရပါမယ်။ မနာတဲ့နို့သီးခေါင်းကနေ ကလေးကိုနို့စစို့ခိုင်းပြီး နာတဲ့ဘက်ကိုမတိုက်မီ နို့လိုက်လာစေဖို့အတွက် လက်နဲ့စတင်ညှစ်ပေးပြီးမှ ဆက်လက်စို့စေရပါမယ်။ အနာသက်သာဆေးတွေလည်း သုံးနိုင်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး