သားသားမီးမီးလေးတွေဟာ အရင်ဆုံး အထိုင်သင်ကျင့်ကြတာပါ။ ကလေးငယ်တွေဟာ အသက် ၆ လဝန်းကျင်မှာ စတင်ပြီး ထိုင်တတ်ကြပါတယ်။ သူတို့တွေ စထိုင်ပြီဆိုရင်တော့ ထိုင်ပြီးချိန်မှာ ပစ္စည်းလေးတွေကို ဆွဲယူတတ်ကြပါတယ်။ အဲ့ဒါကြောင့်ဘေဘီလေးတွေ အနီးမှာ သူတို့တွေ ကို အန္တရာယ်ဖြစ်စေမယ့် ပစ္စည်းလေးတွေ မရှိအောင် သတိထားပေးဖို့လိုပါတယ်။
နောက်တဆင့်ဆိုရင်တော့ လေးဘက်တွားသွားတာပါ။ ဘေဘီလေးတွေ ထိုင်ပြီးရင်တော့ လေးဘက်တွားတဲ့အချိန်ရောက်လာပါပြီ။ အများအားဖြင့်တော့ ၆ လကနေ ၁၀ ကြားမှာ လေးဘက်တွားတတ်ကြပါပြီ။ လေးဘက်တွားသွားရာမှ ပြန်ထိုင်ခြင်းမျိုးကို အကူအညီမပါဘဲ စတင်ပြုလုပ်နိုင်လာပါတယ်။
ထိုသို့လေ့ကျင့်ရင်းကနေပဲ တဖြည်းဖြည်း ကျွမ်းကျင်လာကာ တစ်နှစ်ဝန်းကျင်မှာ တွားသွားခြင်းကို ကျကျနန လုပ်ဆောင်နိုင်ပါပြီ။ ဒီအချိန်မှာတော့ ကလေးငယ်တွေ ကိုထားရှိရာမှာ အကာအရံလေးတွေနဲ့ ထားနိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
အထပ်မြင့်တွေ ဆိုရင် အပေါ်ကပြုတ်ကျနိုင်တဲ့ တံခါးပေါက်တွေ အနီးကာရံထားတာမျိုးလည်း ပြုလုပ်ထားသင့်ပါတယ်။ ကလေးများကို ထားရှိတဲ့ အနီးမှာ အခင်းတွေ ခင်းထားတာ ကြမ်းမှာ ဆူးချွန်တွေ ထိခိုက်စေတဲ့ပစ္စည်းတွေ မရှိစေတာအတွက် မေမေတို့က ဂရုစိုက်စစ်ဆေးပေးဖို့လိုပါတယ်။
HYA (kyarlay)