Kyarlay.com

over 1 year

သားသားမီးမီးတို့အကြိုက်တွေ့မယ့် ငါး - ကန်စွန်းဥစားစရာ


Expfb1nrb6l9110wcucc

မေမေတို့ရေ သားသားမီးမီးလေးတွေအကြိုက်တွေ့ပြီး အားရအောင်စားမယ့် ငါး - ကန်စွန်းဥစားစရာလေးကို ဘယ်လိုပြုလုပ်ရမယ်ဆိုတာ မျှဝေပေးမယ်နော်။ ပြုလုပ်နည်းလေးကလည်းလွယ်ကူပါတယ်။ အာဟာရတွေလည်း ပြည့်ဝလို့ ရင်သွေးလေးတွေ အားအင်ပြည့်ဖြိုးပြီး အကြိုက်တွေ့စေမှာပါ။

ပါဝင်ပစ္စည်းများ ...
- ဆန်(သို့) အားဖြည့်ဆန် ... နို့ဆီဗူးသုံးပုံတစ်ပုံ
- လတ်ဆတ်သည့်ငါး (ဆော်လမွန်၊ ငါးကြင်း၊ ငါးမြစ်ချင်း .. နှစ်သက်ရာသုံးနိုင်ပါတယ်) ... တစ်ဆယ်သား
- ကန်စွန်းဥ ... အနေတော်တစ်ဥ
- ရေ ... ၀.၅ လီတာ (ရေသန့်ဗူးတစ်ဝက်)

ချက်ပြုတ်နည်း ...
ငါးကိုသန့်စင်အောင်ဆေးကြောပြီး အနေတော်အတုံးလေးများတုံးထားပါ။ ကန်စွန်းဥကို အခွံနွှာဆေးကြောပြီး အနေတော်အတုံးလေးများတုံးထားပါ။ ဆန်ကို ရေစင်အောင်ဆေးထားပါ။
အိုးသန့်သန့်လေးထဲကိုဆန်၊ ကန်စွန်းဥ၊ ငါး၊ ရေ အားလုံးရောထည့်ပြီး ဆူပွက်လာသည်အထိ ကြိုချက်ပါ။ (အသက်တစ်နှစ်အထက်ကလေးများအတွက် ချက်ပြုတ်မည်ဆိုပါက ဆီလက်ဖက်စားဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ်ထည့်နိုင်ပါသည်။)
ကြိုချက်မှုကို ရေခန်းပြီးပျစ်သည်အထိကြိုချက်ပြီး မီးဖိုပေါ်မှချကာ ဇွန်းသန့်သန့်ဖြင့်ကျေညက်သည်အထိ ကျိတ်ချေရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပန်းကန်လုံးသန့်သန့်လေးထဲကို ထည့်ပြီး အအေးခံကာ ရင်သွေးငယ်များကို ကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)