သရက်သီးကိုဆား ၊ ငံပြာရည် တို့ဖြင့် တွဲဖက်စားသုံးကြသလို ငပိချက်ပြုလုပ်၍လည်းကောင်း ၊ အမှည့်ကို အချိုတည်းသော ပုံစံဖြင့်လည်းကောင်း အမျိုးမျိုး စားသုံးကြတာကို တွေ့ရပါတယ်။ မြန်မာလူမျိုး အများစု ကြိုက်နှစ်သက်ကြတဲ့ သရက်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ရော သင့်တော်ရဲ့လားဆိုတာ သိရှိထားဖို့ လိုပါတယ်။
သရက်သီးဟာ မိခင်လောင်းတွေ စားသုံးဖို့သင့်၊မသင့်ဆိုတာ အမျိုးမျိုးသော ပြောဆိုမှုတွေ ရှိနေကြပါတယ်။ အချို့ကတော့ သရက်သီးဟာ အပူများတာကြောင့် မိခင်လောင်းတွေနဲ့ သင့်တော်မှုမရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း သရက်သီးမှာ ဗီတာမင်အီး ၊ ပရိုဗီတာမင်အေ တို့ ကြွယ်ဝစွာ ပါဝင်သလို ပိုတက်ဆီယမ် ၊ ကယ်လ်စီယမ် ၊ မဂ္ဂနီဆီယမ် ၊ ဇင့်နဲ့ သံဓာတ်တို့လည်း ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သရက်သီးမှာတွေ့ရှိနိုင်တာကြောင့် မေမေတို့အတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။
သရက်သီးကို အပူစာဖြစ်လို့ မစားရဲတဲ့ မိခင်လောင်းတွေကတော့ မိုးရာသီရောက်မှ စားပေးပေါ့နော်။ အချို့တွေကလည်း သရက်သီးဟာ ဝမ်းနဲ့ပတ်သတ်တဲ့ ရောဂါတွေဖြစ်ပွားမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အတိုင်းအတာတစ်ခုအထိ ချင့်ချိန်ပြီး စားသုံးမယ်ဆိုရင်တော့ အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ သရက်သီးစားသုံးမှုနဲ့ပတ်သတ်ပြီး သတိပြုရမယ့်သူတွေကတော့ ဆီးချို ၊ သွေးချို ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေပဲ ဖြစ်ပါတယ်။
ဆီးချို ၊ သွေးချို ရောဂါရှိနေချိန်မှာ ကိုယ်ဝန်မဆောင်သင့်သေးဘူးဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရသွားတဲ့အခါမှာ အဲ့လိုမိခင်လောင်းတွေဟာ သရက်သီးကို ရှောင်ရှားပေးသင့်ပါတယ်။ သရက်သီးမှာ အချိုဓာတ်ပါဝင်မှု များပြားတဲ့အတွက် သွေးချို ၊ ဆီးချိုရှိတဲ့ မိခင်လောင်းတို့ကတော့ ရှောင်ရှားပြီး အခြားမိခင်လောင်းတွေကတော့ အာဟာရသင့်တင့်မျှတစေဖို့ အထိုက်အလျောက် စားသုံးပေးရပါမယ်။
HYA (kyarlay)