အစားအသောက်များကို မပြင်ဆင်ခင်မှာလည်း လက်ကို သေချာစွာ ဆပ်ပြာနှင့် ဆေးဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်မီ ရေနှင့်စင်ကြယ်စွာ သေချာ ဆေးဖို့ လိုပါတယ်။ ဒါမှသာ သံဥများ အစားအစာထဲ မပါဘဲ၊ သံကောင်ရောဂါမှ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များကို အစိမ်းစားခြင်းထက် ချက်ပြုတ်ပြီးစားပါက သံကောင် အန္တရယ်မှ ပိုကင်းဝေးစေမှာ ဖြစ်ပါတယ်။
အစားအစာများကို ယင်မနားအောင် သတိထားရမှာ ဖြစ်ပါတယ်။ ယင်ကောင်ဟာ အညှီအဟောက်၊ အပုပ်အသိုးများ၊ မစင်ပုံများမှ နားလေ့ရှိပါတယ်။ ထိုယင်းကောင်ရဲ့ခြေထောက်မှာ အညစ်အကြေးနဲ့ရောဂါပိုးတေွ ကပ်ပါပြီး အစားအစာပေါ် ယင်နားလိုက်တဲ့အခါ ထိုခြေထောက်က သယ်ဆောင်လာတဲ့ ရောဂါပိုးတေွကို အစားအစာပေါ်မှာ ချလိုက်တဲ့အတွက် ထိုယင်နားထားတဲ့ အစားအစာတေွ ပန်းကန်ခွက်ယောက်တေွဟာ ညစ်ပတ်သွားပြီး မမြင်ရတဲ့ ရောဂါပိုးတေွ ပါနေပါတယ်။
ယင်းပန်းကန်ခွက်ယောက်နှင့် အစားအစာတေွ စားရင် အညစ်အကြေးတေွ ဝမ်းထဲဝင်တတ်ပြီး သံကောင်ရောဂါ ဖြစ်စေပါတယ်။ ထို့အတူ ပိုးဟပ်များလည်း အစားအစာနှင့်မထိတေွ့တာ ကောင်းပါတယ်။ ပိုးဟပ်သည်လည်း ယင်ကောင်နည်းတူ အရမ်းကြောက်စရာကောင်းပါတယ်။ ပိုးဟပ်များသည် မည်သည့် နေရာကိုမဆို ဝင်နိုင်ပါတယ်။
#Ref(ဒေါက်တာ အိအိခင်(ကလေး) - မေ့ရင်သေွးကောက်နုတ်ချက်မှ)