
မေမေတို့အနေနဲ့ ကိုယ်ဝန်မရှိတဲ့ အချိန်မှာ ဘယ်လိုအိပ်အိပ်ရပေမယ့် ကိုယ်ဝန်ကာလမှာတော့ ကိုယ်အိပ်ချင်သလို အိပ်လို့မရပါဘူး အထူးသဖြင့် ကိုယ်ဝန် ၅ လ နောက်ပိုင်းပေါ့။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အတွက် အရေးကြီးတဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေကို ပြောပြချင်ပါတယ်။ ကိုယ်ဝန်၅ လ ရောက်ပြီဆိုရင် ပက်လက် လုံးဝ မအိပ်သင့်တော့ပါဘူး။ ကလေးနဲ့ ချက်အမြင့်လောက်ထိရှိလာပြီဖြစ်တဲ့ သားအိမ်ဟာ သူရဲ့နောက်မှာရှိနေတဲ့ ခန္ဓာကိုယ် အကြီးဆုံးသွေးလွှတ်ကြောမကြီး Aorta နဲ့ ခြေထောက်ပိုင်းက သွေးတွေကို နှလုံးဆီပြန်သယ်လာတဲ့ Inferior Vena cava ခေါ်တဲ့ သွေးပြန်ကြောမကြီးတို့ကို ဖိထားပါတယ်။ သွေးလွှတ်ကြောမကြီးက နံရံထူလို့ ခံနိုင်ပါတယ်။ ပြားမသွားပါဘူး။ သွေးပြန်ကြောမကြီးကတော့ နံရံပါးတဲ့အတွက် ပြားသွားပါတယ်။
အဲဒီအခါမှာ ခြေထောက်ပိုင်းက သွေးတွေဟာ နှလုံးကို အကုန်ပြန်မရောက်နိုင်ပဲ ခြေထောက်မှာ အိုင်နေတတ်ပါတယ်။ ခြေထောက်ဖောယောင်လာ တတ်ပါတယ်။ အောက််စီဂျင်နည်းတဲ့သွေးတွေ အိုင်နေတာကြောင့် ခြေထောက်တွေ ညောင်းကိုက်တာဖြစ်လာပြီး ကြွက်တက်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ပက်လက်အနေအထားနဲ့ ဆန့်ဆန့်အိပ်ရင် ခါးကော့နေတာဖြစ်တဲ့အတွက် ခါးနာတတ်ပါတယ်။ ဒါ့အပြင် အဆုပ်ရှိတဲ့ ရင်ခေါင်းနဲ့ ၀မ်းခေါင်းကြား ခြားထားတဲ့ Diaphragm ခေါ်တဲ့ အကန့်ကို အပေါ်တွန်းတင်ထားသလိုဖြစ်လို့ အသက်ရှူကြပ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ အိပ်သင့်တဲ့ အကောင်းဆုံး အနေအထားကတော့ “SOS”(Sleep on Side) လို့ခေါ်တဲ့ ဘေးစောင်းအနေအထားပါပဲ။ ဘေးစောင်းအိပ်ခြင်းဖြင့် ပက်လက်အိပ်တဲ့ အနေအထားကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ အားလုံးကိုရှောင်နိုင်ပါတယ်။ ဘေးစောင်းအိပ်ခြင်းက သွေးလည်ပတ်စီးဆင်းမှု ကောင်းတဲ့အတွက် ရင်သွေးလေးဆီကို မေမေစားသမျှ အာဟာရတွေရောက်ပြီး ပုံမှန်ကြီးထွားမှုကို ရစေပါတယ်။ ကျန်းမာသန်စွမ်းစေပါတယ်။ ဘေးစောင်းအနေအထားမှာတောင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းဟာ ညာဘက်ကိုစောင်းအိပ်ခြင်းထက် Inferior Vena cava ခေါ်တဲ့ သွေးပြန်ကြောမကြီးအပေါ် ဖိအားသက်ရောက်မှု နည်းစေပါတယ်။
ဘေးစောင်းအိပ်ရာမှာလဲ ခါးမလိမ်စေဖို့ ဒူးလေးကွေးပြီး ခြေထောက် ၂ခုကြားမှာ ဖက်လုံးလေးထားပြီး အိပ်သင့်ပါတယ်။ ဘေးစောင်းအိပ်တဲ့အခါမှာ ကလေးလှုပ်ရှားမှုကို ဗိုက်နဲ့ကြမ်းပြင်ထိနေတဲ့အတွက်ကြောင့် မေမေတို့ကပိုသိပါတယ်။ တချို့မေမေတွေက ကလေးဖိမိလို့ ကလေးကမကြိုက်လို့ ရုန်းတယ်လို့ထင်ပြီး စိတ်ပူတတ်ကြပါတယ်။ ကလေးကို မဖိမိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးလေးဟာ သူရဲ့ လုံခြုံတဲ့အိမ်(သားအိမ်) ထဲက ရေမြွှာအိတ်ထဲမှာ ရေမြွှာတွေက ကူရှင်လို အကာအကွယ်ပေးထားလို့ပါပဲ။ ဒါကြောင့်ကိုယ်ဝန်ဆောင်တွေက ပက်လက်လုံးဝမအိပ်ပဲ ဘေးစောင်းအိပ်သင့်ပါတယ်။