❌ကလေးငယ်လေးများနှင့် ရေချိုးခြင်းဆိုင်ရာ နည်းလမ်းအမှားများ❌
ကလေးငယ်လေးများကို ရေချိုးပေးခြင်းဆိုတာ ကလေးရှိတဲ့ မိခင်တိုင်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲက တစ်ခုဖြစ်ပြီး လွယ်ကူရိုးရှင်းပေမဲ့ ရေချိုးပေးချိန်မှာ မေမေတို့ သတိမထားမိတဲ့ နည်းလမ်းအမှားလေးတွေကို သတိပြုနိုင်အောင် Pureen မေမေက မျှဝေပေးသွားပါမယ်ရှင့်။
(၁) ကလေးငယ်လေးတွေကို ရေချိုးခန်း (သို့မဟုတ်) ရေချိုးဇလားထဲမှာ တစ်ယောက်ထဲထားခြင်း။
လေ့လာတွေ့ရှိချက်များအရ နှစ်လက်မခန့်အနက်ရှိသောရေသည်ပင် ကလေးငယ်လေးများအတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့် မိမိတို့ကလေးငယ်လေးများကို ရေချိုးပေးချိန်တွင် မည်သည့်အကြောင်းနှင့်မျှ ရေချိုးခန်း (သို့မဟုတ်) ရေချိုးဇလားထဲမှာ တစ်ယောက်ထဲ မထားသင့်ပါ။
(၂) ကလေးငယ်လေးကို မိမိတို့လက်ထဲမှ လျှောကျ လွတ်ကျခြင်း။
ရေစိုနေတဲ့ ကလေးငယ်လေးတွေဟာ ရေနှင့်အတူ ချောနေတာမို့ ကလေးငယ်လေးတွေကို ရေချိုး
ပေးချိန်အတွင်း နေရာရွှေ့ခြင်း၊ ရေချိုးပြီးချိန်တွင် ချီမခြင်းများ ပြုလုပ်သောအခါ၌ ရေနှင့်အတူ မိမိတို့ လက်ထဲမှ ချောကျခြင်း၊ လွတ်ကျခြင်းများ မဖြစ်စေရန် အထူးသတိပြုရမည်။ ကလေးငယ်လေးများကို မချီမမီ လက်ကိုရေခြောက်သွေ့အောင်သုတ်ခြင်း၊ ချီမသောအချိန်တွင် ကလေးငယ်လေးများအတွက် သဘတ်၊ ပုဝါအစရှိသည်တို့ကို အသုံးပြုရပါမည်။
(၃) သေးငယ်သော ကလေးငယ်လေးများအတွက် ကြီးမားသော ရေချိုးကန် (သို့မဟုတ်) ရေချိုးဇလား အသုံးပြုခြင်း။
ကလေးငယ်လေးများကို ရေချိုးချိန်တွင် ကြီးမားသော ရေချိုးကန် (သို့မဟုတ်) ရေချိုးဇလားကို အသုံးပြုခြင်းအား ရှောင်ကြဉ်ရပါမည်။ ကလေးငယ်လေးများအတွက် အထူးပြုလုပ်ထားသော ပလတ်စတစ် ရေချိုးကန် (သို့မဟုတ်) ဘေစင်ကို အသုံးပြုသင့်ပါသည်။ ကလေးငယ်လေးများ၏ အရွယ်အစားနှင့် သင့်လျော်သော ရေချိုးကန်ကို အသုံးပြုခြင်းဖြင့် ရေချိုးချိန်တွင် လိုအပ်သော ရေပမာဏကို အသုံးပြုနိုင်ပြီး ရေချိုးပေးရာတွင် ပို၍အထောက်အကူဖြစ်စေပါသည်။
(၄) ရေချိုးပေးချိန်ကြာခြင်း။
ကလေးငယ်လေးများကို အချိန်အကြာကြီး ရေချိုးပေးခြင်းသည် မိဘများလုပ်လေ့ရှိတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ကလေးငယ်လေးများ၏ အသားအရေသည် အလွန်နူးညံ့ပြီး စိုစွတ်လွယ်ကာ အလွယ်တကူ အအေးမိနိုင်သဖြင့် အချိန်အကြာကြီး ရေချိုးပေးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
(၅) ဆပ်ပြာအများကြီးအသုံးပြုခြင်း။
ကလေးငယ်လေးများ၏ အသားအရေသည် အလွန်နူးညံ့သောကြောင့် ဆပ်ပြာအများကြီး အသုံးပြုခြင်းက အသားအရေကိုခြောက်သွေ့စေနိုင်လို့ ပမာဏ အများကြီး အသုံးမပြုဘဲ ကလေးငယ်လေးများအတွက် အထူးထုတ်လုပ်ထားသော ကလေးသုံးဆပ်ပြာများကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်။
(၆) ကလေးငယ်လေးများ၏ Private Part များကို ဆေးကြောပေးရန်မေ့လျော့ခြင်း။
မိဘများသည် ကလေးငယ်လေးများကို ရေချိုးပေးခြင်းဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးသန့်စင်သွားသည်ဟု ထင်တတ်ကြသည်။ ထို့ကြောင့် ရေချိုးပေးရုံသာမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်း (Private Part) များကိုပါ ဂရုတစိုက်သေချာစွာ ဆေးကြာသင့်ပါသည်။ သေချာစွာ ဆေးကြောခြင်းမရှိပါက အနီဖုများထွက်ခြင်း၊ ယားယံခြင်း အစရှိသော အရေပြားဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါသည်။
(၇) ရေချိုးပေးချိန်အတွင်း နားထဲကိုရေဝင်ခြင်း။
ကလေးငယ်လေးများကို ရေချိုးပေးချိန်အတွင်း နားထဲသို့ရေဝင်ခြင်းသည် စိုးရိမ်စရာမဟုတ်သော်လည်း ကလေးငယ်လေးများကို မသက်မသာခံစားစေရခြင်း၊ စိုစွတ်ခြင်းအားဖြင့် မှိုနှင့် ဘတ်တီးရီးယားများကို ဖြစ်ပေါ်စေနိုင်သောကြောင့် နားထဲသို့ရေမဝင်စေရန် သတိထားရပါမည်။
(၈) ကြမ်းတမ်းသော ကိုယ်တိုက်ဖော့တုံး (သို့မဟုတ်) အဝတ်စများ အသုံးပြုခြင်း။
ကြမ်းတမ်းသော ကိုယ်တိုက်ဖော့တုံး (သို့မဟုတ်) အဝတ်စများ အသုံးပြု၍ ရေချိုးပေးခြင်းသည် နူးညံ့သော ကလေးငယ်လေးများ၏ အရေပြားနှင့် အသားအရေကို ထိခိုက်စေနိုင်သောကြောင့် အသုံးမပြုသင့်ပါ။
(၉) ရေပူလွန်းခြင်း (သို့မဟုတ်) အေးလွန်းခြင်း။
ကလေးငယ်လေးများကို ရေချိုးပေးရာတွင် ပူလွန်း၊ အေးလွန်းသော ရေကို အသုံးမပြုသင့်ပါ။ ကလေးငယ်လေးတွေရဲ့ အသားအရေနှင့် ခံနိုင်ရည်ရှိလောက်မည့် သင့်တော်သော ရေကြက်သီးနွေးနွေးလေးကိုသာ အသုံးပြုပေးသင့်ပါသည်။
(၁၀) ရေပမာဏ များလွန်းခြင်း (သို့မဟုတ်) နည်းလွန်းခြင်း။
ကလေးငယ်လေးများကို ရေချိုးပေးရာတွင် အရွယ်ရောက်ပီးသားသူတို့ကဲ့သို့ ရေချိုးဇလား အပြည့်ရှိသော ရေပမာဏ (သို့မဟုတ်) ရေအနည်းသာအသုံးပြုခြင်း စသည်တို့ကို ရှောင်ကြဉ်သင့်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ၂ လက်မခန့်အနက်ရှိသော ရေနွေးနွေးလေးသည် ကလေးငယ်လေးများအတွက် အသုံးပြုရန် သင့်လျော်ပါသည်။
(၁၁) သေချာစွာခြောက်သွေ့ရန်လိုအပ်ခြင်း။
ကလေးငယ်လေးများသည် နူးညံ့ပြီး အလွယ်တကူ အအေးမိနိုင်သောကြောင့် ရေချိုးပေးပြီးချိန်တွင်
ရေစက်များပြောင်စင်သွားရုံတင်မဟုတ်ဘဲ ခြောက်သွေ့ပြီး နွေးထွေးနေစေရန် အထူးဂရုစိုက်သင့်ပါသည်။
(၁၂) လိုအပ်သည်ထက်ပို၍ မြန်ဆန်စွာရေချိုးပေးခြင်း။
ကလေးငယ်လေးများကို လိုအပ်သည်ထက်ပို၍ မြန်ဆန်စွာ ရေချိုးပေးခြင်းမျိုး မပြုလုပ်သင့်ပါ။ ရေချိုးပေးချိန်အတွင်း ညင်သာစွာ နှိပ်နယ်ပေးခြင်း၊ ကစားစရာလေးများနှင့် ကစားပေးခြင်းတို့ကို ပြုလုပ်သင့်ပါသည်။
(၁၃) ကလေးငယ်လေးများနှင့် ချစ်ခင်နွေးထွေးစွာ ပြောဆိုဆွေးနွေးမှုမရှိခြင်း။
ရေချိုးပေးသည့်အချိန်သည် ကလေးငယ်လေးများနှင့် မေမေတို့ ပို၍ချစ်ခင်ရင်းနှီးမှု ရရှိနိုင်သောအချိန်ဖြစ်ပါသည်။ ထို့ကြောင့် မေမေတို့က နွေးထွေးစွာ စကားပြောဆိုခြင်း၊ မိမိတို့ရင်သွေးလေးကြိုက်နှစ်သက်သော အကြောင်းအရာလေးများကို အပြန်အလှန်ပြောဆိုကြရင်း ပို၍ချစ်ခင်နွေးထွေးမှုများ ရရှိစေနိုင်ပါသည်။
မေမေနှင့် ကလေးငယ်လေးများ အမြဲပျော်ရွှင် ကျန်းမာကြပါစေကြောင်း ဆန္ဒပြုလျှက် မျှဝေပေးလိုက်ပါတယ်နော် 🙂🙂🙂