☑️ ကလေးကို ကတုံးတုံးပေးခြင်း
ကလေးဆံပင်သန်ဖို့ ကတုံးတုံးပေးသင့်တယ်ဆိုတာ မမှန်ပါဘူး။ အာရှနိုင်ငံ တော်တော်များများမှာ ကလေးရဲ့ မွေးဆံပင်ကို ကတုံးတုံးပေးလိုက်ရင် ဆံပင်သန်တယ်ဆိုတဲ့ အယူအဆနဲ့ ကတုံးတုံးပေးနေကြတဲ့အတွက် လသားကလေးလေးတွေ တော်တော်များများကို ကတုံးလေးတွေနဲ့ တွေ့နေရတာ မဆန်းတော့ပါဘူး။
တကယ်တော့ ကလေးကို ကတုံးတုံးပေးတာ၊ ဆံပင်တိုတိုလေး ညှပ်ပေးတာတွေက ဆံပင်သန်ခြင်း၊ မသန်ခြင်းမှာ ထိရောက်မှု မရှိပါဘူး။ ဆံပင်ဆိုတာ ဦးခေါင်းခွံမှာရှိတဲ့ မွေးညှင်းပေါက်လေးတွေက ထွက်လာတာပါ။ မွေးညှင်းပေါက်ရဲ့ အပေါ်ယံက ဆံပင်မွှေးတွေကို ညှပ်လိုက်၊ ကတုံးတုံးလိုက်တာနဲ့ ဦးခေါင်းခွံက မွေးညှင်းပေါက်လေးတွေမှာ ဘာမှ အပြောင်းအလဲ မဖြစ်ပါဘူး။ ကတုံးတုံးလိုက်လို့ မွှေးညှင်းပေါက်တွေ ပိုပွားမလာပါဘူး။ အဲ့ဒီလိုမွှေးညှင်းပေါက်လေးတွေ ပွားလာခြင်းမရှိတဲ့အတွက် ဆံပင်ပိုများလာတယ်ဆိုတာလည်း မမှန်ပါဘူး။ ဆံပင်ထွက်တဲ့ မွှေးညှင်းပေါက်ကလေးတွေကလည်း မျိုးရိုးဗီဇအလိုက် ဖြစ်လာတာဖြစ်ပြီး ပြောင်းလဲလို့ မရပါဘူး။
▪️ ကတုံးတုံးတဲ့အခါမှာ ဆံပင်အကုန်လုံးက တပြိုင်ထဲ ပြန်ထွက်လာတဲ့အတွက် ပိုပြီးသန်လာသလိုလို ထင်ရတာပါ။ ကတုံးမတုံးဘဲ သဘာဝအတိုင်း ထားတဲ့ ဆံပင်တွေကတော့ အတို၊ အရှည်မညီကြပါဘူး။ ကလေး နည်းနည်းကြီးလာမှ အတိုအရှည်ညီလာတာပါ။ ▪️
ကလေး တော်တော်များများက မွေးဆံပင်ပါးပါးလေးတွေနဲ့ပဲ မွေးလာကြတာပါ။ အဲဒီဆံပင်လေးတွေကို "Vellus Hair" လို့ ခေါ်ပါတယ်။ အဲဒီဆံပင်လေးတွေက တိုတယ်၊ ပျော့တယ်၊ အရောင်ဖျော့ဖျော့ကလေးတွေ ဖြစ်မယ်။ ဒါပေမဲ့ မွေးပြီး သုံးလကနေ ခုနှစ်လအတွင်းမှာ ဆံသားလေးတွေက ပြောင်းလာပါပြီ။ ကလေး ၂ နှစ်သားမှာတော့ အဲဒီမွေးဆံပင် Vellus Hair လေးတွေ နေရာမှာ သန်တဲ့၊ ထူတဲ့ ဆံပင်လေးတွေ ဖြစ်နေလောက်ပါပြီ။ ငယ်တုန်းမှာ ကတုံးတုံးတာ၊ ညှပ်တာတွေက ကလေးရဲ့ဆံပင်လေးတွေ ပိုပြီးသန်လာ၊ ထူလာဖို့အတွက် အကျိုးသက်ရောက်မှု ဘာမှမရှိပါဘူး။
ကတုံးတုံးချင်တယ်ဆိုရင်လည်း ကလေးနည်းနည်းကြီးတဲ့အထိ စောင့်တာကောင်းပါတယ်။ ကလေး အတော်ငယ်တုန်းမှာ ဆံပင်ကို ရိတ်ရင် ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ လသား ကလေးတွေရဲ့ ဦးခေါင်းခွံက အရမ်းနူးညံ့ပါသေးတယ်။ သူ့ဦးခေါင်းခွံတွေ အပြည့်အဝ မဆက်သေးတော့ လှုပ်နေတဲ့ ပျော့စိစိနဲ့ အခွက်ကလေး (Fontanelle) ကလည်း ရှိပါသေးတယ်။
ကလေးလေးတွေ မွေးဆံပင် နည်းနည်းကျွတ်တာ (သို့မဟုတ်) မွေးဆံပင် အကုန်လုံးကျွတ်ကုန်တာကလည်း ဖြစ်တတ်တဲ့ သဘာဝပါပဲ။ အထူးသဖြင့် အသက် သုံးလေးလမှာ ဖြစ်တတ်ပါတယ်။ မြန်မာတွေကတော့ အနှီးစားတယ်လို့ ထင်နေကြတာ တွေ့ရပါတယ်။ ကလေးခေါင်းကို အနှီးတစ်ခါမှ မပတ်ဘဲနဲ့လည်း အကွက်လိုက်လေးတွေ ကျွတ်တတ်တာပါပဲ။ ကျွတ်သွားတဲ့နေရာမှာ ဆံပင်ပြန်ပေါက်ဖို့ အချိန်နည်းနည်း ကြာတတ်ပါတယ်။ ပေါက်လာတဲ့အခါမှာလည်း ဆံသား အရွယ် မတူတာ၊ အရောင် မတူတာတွေ ရှိတတ်ပါတယ်။ အချိန်တန်ရင် သူ့ဘာသူ ဆံသား အရွယ်၊ အရောင် ညီသွားပါတယ်။
ကလေးရဲ့ ဆံပင်ကျန်းမာရေးအတွက် တစ်ပတ်ကို နှစ်ခါ၊ သုံးခါလောက် ပုံမှန်ခေါင်းလျှော်ပေးပြီး သန့်သန့်ရှင်းရှင်း ထားသင့်ပါတယ်။ ပုံမှန်ခေါင်းလျှော် မပေးရင် ကလေးရဲ့ ဦးခေါင်းမှာ သဘာဝအတိုင်း ဖြစ်လာတဲ့ ဗေါက်လိုဟာလေးတွေ စုခဲသွားပြီး Cradle Cap ဆိုတာလေးတွေ ဖြစ်တတ်ပါတယ်။ အဲဒါက အန္တရာယ်တော့ မရှိပေမယ့် ကလေးကတော့ မနေသာပါဘူး။ လူကြီးတွေ ဗေါက်ရှိနေသလိုပဲ ခံစားနေရရှာမယ်။ အဲဒီလို ဖြစ်နေရင်တော့ ဆေးခန်းပြပါ။ ဆရာဝန်ကို မေးပါ။
Credit
Jessica Mozart (အေးအေးမျိုးဆက်)
11 September 2016
Ref : www.babycentre.co.uk, http://m.scmp.com