#ကလေးကိုအလိုလိုက်လွန်းလျှင် ဖြစ်လာနိုင်သော ဆိုးကျိုးများ
ဘယ်လိုအခြေအနေမျိုးက ကလေးကို အလွန်အကျွံအလိုလိုက်တယ် လို့ခေါ်တာလဲ???
အချို့မိဘများက ကလေးကို အလွန်အကျွံ အလိုလိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ မေးခွန်းမျိုး အတွေးထဲပေါ်လာတတ်ပါတယ်။
ကလေးကို အလိုလိုက်ခြင်းဆိုတာ ကလေးလုပ်ချင်တာကို သင့်၏ မသင့်၏ အကုန်လုပ်ခွင့်ပေးခြင်း၊ ဖြစ်လာနိုင်သော အကျိုးဆက်များကို မတွေးပဲ လိုချင်တာ အကုန်ဖြည့်ဆည်းပေးခြင်း၊ မိဘများ သားသမီးဆီမှ ဘာမှမတောင်းဆိုခြင်း၊ စည်းကမ်း သတ်မှတ်ချက်မရှိခြင်း၊ သားသမီးများ ကိုယ်တိုင်ပြုလုပ်နိုင်သော အရာများကို ကိုယ်စားပြုလုပ်ပေးခြင်း နှင့် အမှားများပြုလုပ်သော်လည်း သတိပေး၊တားမြစ်မှု မရှိခြင်းစတာတွေပဲဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ကလေးများကို အလိုလိုက်လျှင် ထင်တာထက်ပိုသော ဆိုးကျိုးများကိုဖြစ်လာစေနိုင်ပါတယ်။ အလိုလိုက်ခြင်းကြောင့် ဖြစ်နိုင်တဲ့ဆိုးကျိုများကို ဖတ်ကြည့်ကြရအောင်…
📍ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း
မိဘများက အလိုလိုက်ပြီး အရာရာတိုင်းကို လိုက်လုပ်ပေးခြင်း၊ ထမင်းစားခြင်း၊ ရေချိုးခြင်း စသည်တို့ကို ကိုယ်တိုင်ပြုလုပ်နိုင်သော အရွယ်ရောက်ရှိနေသော်လည်း လုပ်ခွင့်မပေးခြင်း၊ ညစ်ပေမှာစိုးရိမ်သောကြောင့် ကလေးငယ်များကို စိတ်ကြိုက် ဆော့ကစားခွင့်မပြုခြင်းတို့က ကလေးငယ်များ၏ အဖက်ဖက်မှတိုးတတ်မှုကို နှောင့်နှေးစေနိုင်ပါတယ်။
📍ဒေါသကြီးပြီး ခေါင်းမာသော ကလေးဖြစ်လာခြင်း
ကလေးငယ်များဟာ ဒေါသကြီးပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း နည်းလာတတ်ပါတယ်။ လိုချင်သောအရာများကို ငိုကျွေးခြင်း ကြမ်းပြင်တွင်လူးလိမ့်ခြင်းဖြင့် ရရှိနိုင်သည်ဟု မှတ်ယူထားသောကြောင့် ကလေးငယ်များဟာ နောက်ဆုံးမှာ ဒေါသကြီးပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းမဲ့လာတတ်ပါတယ်။ ဒီလိုကိစ္စတွေကြောင့် ကလေးငယ်များရဲ့ အနာဂါတ်မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။
📍ကိုယ့်ကိုကိုယ် အားမကိုးတတ်ခြင်း
ကလေးငယ်များ အဖက်ဖက်မှ ဖွံ့ဖြိုးမှုနောက်ကျခြင်းကြောင့် ကလေးငယ်များရဲ့ ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်တဲ့ အဝတ်အစားဝတ်ဆင်ခြင်းကိုတောင် မပြုလုပ်နိုင်ကြပါဘူး။ မိဘများမှလည်း သားသမီးများကို ဘာမှမလုပ်ခိုင်းသောကြောင့် အိမ်အလုပ်သေးသေးမွှားမွှားများကိုတောင် မကူညီခြင်းများ ဖြစ်လာနိုင်ပါတယ်။
📍အရှုံးကိုလက်မခံနိုင်ခြင်း
အမြဲတမ်းအလိုလိုက်ခံရခြင်းကြောင့် ငယ်စဉ်အရွယ်မှာ လိုချင်တာရှိလျှင် လူးလိမ့်ငိုကျွေးခြင်းဖြစ် ရရှိနိုင်သော်လည်း အရွယ်ရောက်လာသောအခါတွင် တွေးထင်ထားသော မိမိဆန္ဒအတိုင်းမဖြစ်လာသောအခါ စိတ်ဓာတ်ကျပြီး အရှုံးကိုလက်မခံနိုင်သောသူတယောက်ဖြစ်လာနိုင်ပါတယ်။
📍အလိုဆန္ဒကို ထိန်းချုပ်နိုင်စွမ်းမဲ့လာခြင်း
လိုချင်သောအရာများကို မိဘထံမှ အမြဲတမ်းရနေသောကြောင့် အရွယ်ရောက်လာသောအခါတွင် လိုချင်သော စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်ပဲ လိုချင်သောအရာကို နည်းလမ်းပေါင်းစုံဖြင့် ရရှိနိုင်အောင် ကြိုးစားတတ်သောကြောင့် မမှားသင့်သော အမှားမျိုးကို ကျူးလွန်တတ်ပါတယ်။
📍သူတပါးကို အလျော့မပေးတတ်ခြင်း
အလျော့ပေးတတ်ခြင်းဆိုတာ နေရာတိုင်း အရာရာတိုင်းကို အလျော့ပေးတတ်ဖို့မဟုတ်ပါဘူး။ မိဘများ၏ နံပါတ်တစ်ဖြစ်ခဲ့ပြီး မိဘမှ အစစအရာရာ အလိုလိုက်ခံထားရသော ကလေးများဟာ ပါတ်ဝန်းကျင်နှင့် လိုက်လျောညီအောင် မနေတတ်သောကြောင့် သူတပါးကို အလျော့မပေးတတ်ခြင်း၊ မနာလိုစိတ်ရှိခြင်း၊ သူတပါး ကိုယ့်ထက်သာသည်ကို မခံနိုင်ခြင်း နှင့် မိဘကို ကလန်ကဆန့် ပြုလုပ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။
📍မျှဝေတတ်သော အကျင့်မရှိခြင်း
မိဘ၏အလိုလိုက်ခြင်းကို အရိုးစွဲနေသော ကလေးငယ်များသည် မျှဝေတတ်သော အကျင့်မရှိ သူဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် သူငယ်ချင်း အပေါင်းအသင်းများနှင့် ဆော့ကစားသောအချိန်တွင် အပေါင်းအသင်းများကို ဆော့စရာများ မမျှဝေတတ်ခြင်း သူငယ်ချင်းထံမှ ဆော့စရာများကို လိုချင်သောအချိန်တွင် ငိုကျွေးခြင်း သောင်းကျန်းခြင်းများဖြင့် တောင်းဆိုတတ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။
📍အနာဂါတ်တွင် စုံတွဲဘဝကို ပြသနာဖြစ်လာစေနိုင်ခြင်း
အလိုလိုက်ခံရသော ကလေးငယ်များသည် သူတပါးအပေါ်တွင် နိုင်ထက်စီးနင်းပြုလုပ်တတ်ပြီး မိမိကို အလိုလိုက် အလျော့ပေးစေချင်သော အကျင့်များ စွဲနေတတ်ပါတယ်။ မိမိ လက်တွဲဖော်က သည်းခံတတ်ပြီး အလျော့ပေးတတ်သောသူဖြစ်ပါက ပြဿနာမဟုတ်သော်လည်း မိမိလက်တွဲဖော်မှ သည်းမခံနိုင်သောအခါ ရန်ဖြစ်ခြင်း ကွဲကွာခြင်း စသည့်လူမှုရေးပြဿနာများကို ဖြစ်လာစေနိုင်ပါတယ်