ကလေး တအင်းအင်းညှစ်ခြင်း
************************
(၁) ဖြစ်စဉ်
မွေးစမှ ၃ လထိ ကလေးများသည် တအင်းအင်းညည်းပြီး ဝမ်းဗိုက်မှ ကြွက်သားများကို ညှစ်နေတတ်သည်။ အိပ်ပျော်နေစဉ်တွင်လည်း အသက်ရှူရင်း ညည်း၍ ညှစ်နိုင်ပါသည်။
ကြွက်သားညှစ်ရင်း မျက်နှာက စက္ကန့်ပိုင်းမျှ နီရဲတွတ်သွားခြင်း၊ တခါတရံ ငိုခြင်းများရှိနိုင်သည်။
(၂) မိဘ စိတ်ပူခြင်း
ကလေး ညည်းညူချိန်တွင် သက်တောင့်သက်သာရှိပုံမပေါ်၍ မိဘများ စိတ်ပူတတ်ပါသည်။
(၃) ဖြစ်ရခြင်းအကြောင်းရင်း
တအင့်အင့်နှင့် ဗိုက်ကြွက်သားညှစ်ခြင်းသည် အူမကြီးထဲမှ အီအီးကို အပြင်ထုတ်ရန် ဦးနှောက်မှ လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် အီးပါခြင်းဖြစ်စဉ်ကို သင်ယူနေခြင်း ဖြစ်ပါသည်။
(၄) စိတ်မပူပါနှင့်
ထိုသို့ ညှစ်တိုင်း လေထိုးသည်၊ အစာမကျေဖြစ်သည်၊ ဝမ်းချုပ်သည်ဟု မယူဆစေလိုပါ။ အူမကြီးနှင့် ဝမ်းဗိုက်မှ ကြွက်သားများ သန်မာလာပြီး ဝမ်းသွားခြင်း လုပ်ငန်းကို တတ်မြောက်ကျွမ်းကျင်လာသည်နှင့် အမျှ ကလေး ပုံမှန်ဖြစ်သွားပါလိမ့်မည်။
(၅) စိတ်ပူရမည့် အခြေအနေများ
တအင်းအင်း ညည်းပြီး ကြွက်သားညှစ်သည့်အခါ
-နေမကောင်းပုံပေါ်ပြီး အသက်ရှူ ပုံမှန်မဟုတ်ခြင်း၊
-အဖျားကြီးပြီး ချောင်းဆက်တိုက်ဆိုးခြင်း
-အလွန်အကျွံ နို့အန်၍ ကိုယ်အလေးချိန်မတက်ခြင်း၊
-ခြေလက်များ အမြဲတောင့်တင်းနေခြင်း၊
-ဝမ်းက စမြင်းတုံးများဖြစ်နေခြင်း၊
-စအိုဝကွဲခြင်း များထဲမှ တစ်ချက်ချက်နှင့် တွဲဖက်နေလျှင် ဆရာဝန်နှင့် စစ်ဆေးပါ။
Credit to နေနေမိုးဆွေ
#နေနေမိုးဆွေ - Child Health Myanmar Page
Pictures- credits to Google
Reference- Raising Children Net