ကလေးကျန်းမာ သိကောင်းစရာ - ၁၉
ညအိပ်စဉ် ချွေးထွက်ခြင်း
ညအိပ်နေတဲ့အချိန် ချွေးထွက်တတ်တဲ့ကလေးတွေအတော်များပါတယ်။ ပူနေတဲ့ရာသီမှာသာမက ရာသီဥတုအေးနေရင်လည်း တချို့ချွေးထွက်ပါတယ်။ နို့စို့အရွယ်ကလေးငယ်ကစပြီးကလေးကြီးအထိထွက်လေ့ရှိပါတယ်။
ချွေးထွက်ပုံနှစ်မျိုးရှိပါတယ်။ localised sweating လို့ခေါ်တဲ့တစ်နေရာပဲကွက်ပြီးထွက်တတ်တာနဲ့ generalised sweating လို့ခေါ်တဲ့တစ်ကိုယ်လုံးထွက်တာဖြစ်ပါတယ်။ တစ်နေရာပဲကွက်ထွက်တဲ့နေရာမှာ အများဆုံးကတော့ ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ စသည်တို့အတွေ့များပါတယ်။
ချွေးထွက်တယ်ဆိုတာ သဘာဝအားဖြင့် ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းညှိခြင်းဖြစ်ပါတယ်။
ချွေးထွက်ရတဲ့ အကြောင်းရင်းတွေကိုကြည့်ရင် Primary sweating လို့ခေါ်တဲ့အကြောင်းရင်းမရှိပဲထွက်တာနဲ့ secondary sweating လို့ခေါ်တဲ့ရောဂါတစ်ခုခုကြောင့်ထွက်တာဆိုပြီးနှစ်မျိုးရှိပါတယ်။ အကြောင်းရင်းမရှိဘဲ သဘာဝအရထွက်တာကပိုများပါတယ်။
ဗီဇအရ ချွေးထွက်တဲ့အကျိတ် (sweat gland) တွေပိုများတာ၊ အဲဒီ gland တွေကပိုပြီးချွေးထုတ်ပေးတာတွေကြောင့်လည်းဖြစ်တတ်ပါတယ်။
လူပျိုဖော်အပျိုဖော်ဝင်လာတဲ့ကလေးတွေမှာတော့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းချွေးပိုထွက်တတ်ပါတယ်။ သဘာဝပါ။
နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ပတ်သက်တဲ့ရောဂါတွေ၊ ဓာတ်မတည့်တာတို့၊ ရင်ကျပ်ပန်းနာရှိတဲ့ကလေးတွေမှာလည်းခေါင်းချွေးထွက်တတ်ပါတယ်။ မြန်မာပြည်မှာမိခင်တွေအကြောက်ဆုံးကတော့ကလေးတီဘီဖြစ်ပါတယ်။ ဒီလိုရောဂါတွေကြောင့်ချွေးထွက်တယ်ဆိုရင် ဒီရောဂါတွေရဲ့တခြားလက္ခဏာတွေပါတွဲရှိတတ်ပါတယ်။ဥပမာချောင်းဆိုးရင်ကြပ်ဖြစ်နေတာ၊ လည်ပင်းနာနေတာ၊ နှာစေးနေတာ၊ရက်ရှည်ဖျားနေတာ၊ အစားအသောက်ပျက်ပြီးပိန်လာတာ စသည်တို့ဖြစ်ပါတယ်။ ခေါင်းချွေးထွက်တာ တစ်ခုထဲက တီဘီ မဖြစ်နိုင်ပါ။
မိဘတွေဖက်က ဘယ်လိုကူညီပေးနိုင်လဲ?
၁၊ ကလေးအများစုမှာ ချွေးထွက်တာဟာပုံမှန်ဖြစ်တဲ့အတွက် သွေးစစ်၊ဓာတ်မှန်၊ ဆေးကုသမှု စသည်တို့မလိုပါဘူး။
၂၊ ကလေးအဝတ်အစားကိုပါးပါးဝတ်ပေးပါ။အိပ်ရာ၊ စောင် စသည်တို့ထူထူထဲထဲမဖြစ်ပါစေနဲ့။ အခန်းရဲ့အပူချိန်ကိုလဲ အသင့်အတင့်လျှော့ချပေးလို့ရပါတယ်။
၃၊ မလိုအပ်ဘဲ ကိုယ်မပူဘဲ ပါရာစီတမောလိုဆေးမျိုးမတိုက်ပါနဲ့။
၄၊ ချွေးထွက်အရမ်းများရင်တော့ အရည်ဓာတ်များများ ပြန်ဖြည့်ပေးပါ။
၅၊ အထက်မှာဖော်ပြခဲ့တဲ့ တခြားရောဂါလက္ခဏာတွေရှိရင်တော့ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။
ခြုံပြီးပြောရရင်တော့ ကလေးအများစုမှာချွေးထွက်တာဟာ စိုးရိမ်စရာမရှိသောလက္ခဏာတစ်ခုဖြစ်ပါတယ်။
#KyawLinn_ကလေးကျန်းမာသိကောင်းစရာ