"ကျန်းမာပျော်ရွှင်တဲ့ကလေးလေးဖြစ်ဖို့"
(စောစောစီးစီး ညအိပ်ရာဝင်ခြင်းရဲ့ အကျိူးကျေးဇူး (၅) ချက်)
မိုးလင်းကနေမိုးချုပ်ထိ ကလေးဝေယျာဝေစ္စတွေကြောင့်ပင်ပန်းနေပြီလား မေမေတို့ရေ? ဒီကြားထဲ ကလေးက ညဉ့်နက်မှအိပ်တော့ အိပ်ခါနီးဂျီကျတာနဲ့ မနက်ကျတော့လည်းအစောကြီးတွေထလို့ အိပ်ရေးမဝတာနဲ့ ကလေးလည်းပင်ပန်း၊ ကိုယ်လည်းပင်ပန်းနေ့ရက်တွေပါပဲ။ ညဘက်နောက်ကျမှအိပ်ရာဝင်တာက သူတို့လေးတွေရဲ့ကောင်းကောင်းအနားယူအိပ်စက်ရမယ့်အချိန်တွေပါသွားတာကြောင့် ကျန်းမာရေးထိခိုက်တဲ့အထိ ရေရှည်မှာဆိုးကျိုးတွေရှိလာနိုင်တယ်နော်။ ဒါကြောင့် ကလေးတွေကို စောစောစီးစီးညအိပ်ရာဝင်ခိုင်းဖို့ အရမ်းအရေးကြီးတာပေါ့။ ညဘက်စောစောအိပ်ရာဝင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုတွေပြောပြပေးမယ်နော်။
(၁) ပိုကျန်းမာစေခြင်း
*********************
သုတေသနများအရ ညအိပ်ရာဝင်နောက်ကျတဲ့တစ်နှစ်ခွဲအရွယ်ကလေးများမှာ ကာယလှုပ်ရှားမှု၊ ဘာသာစကားနဲ့ ပေါင်းသင်းဆက်ဆံရေးတို့ နိမ့်ကျတဲ့အန္တရာယ်ကြီးစွာကြုံရတတ်တယ်လို့ဆိုပါတယ်။ ကျောင်းနေအရွယ်ကလေးတွေအတွက်ဆိုရင်လည်း တက်ကြွမှုမရှိတာကြောင့် ကျောင်းတွင်းလုပ်ဆောင်ချက်များမှာ ထိခိုက်လာနိုင်ပါတယ်။ စာတမ်းဖော်ပြချက်များထဲမှာဆိုရင် ၇နှစ်မှ၁၁နှစ်အတွင်း ကလေးတွေရဲ့စိတ်ခံစားချက်တည်ငြိမ်မှုအခြေအနေနဲ့ အိပ်စက်ခြင်းနဲ့တိုက်ရိုက်အချိုးကျနေတယ်လို့ပြောထားပါတယ်။
ဒါ့အပြင် နောက်ကျမှအိပ်စက်ခြင်းဟာ အစားအသောက်စားခြင်းမှာပါထိခိုက်မှုရှိစေပြီးခန္ဓာကိုယ်အလေးချိန်အချိုး (BMI) ကိုလည်းမြင့်တက်စေတာတွေ့ရပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းကလေ့ကျင့်ပေးထားတဲ့အိပ်ချိန်တွေဟာ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် ခံစားချက်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကိုသက်ရောက်မှုရှိစေတာကို မိဘများအနေနဲ့သတိပြုသင့်ပါတယ်။
(၂) အိပ်ယာဝင်ဖို့ငြင်းဆန်တာလျော့နည်းစေခြင်း
*********************************************
ကလေးတွေကတစ်ခါတရံ အိပ်စက်ဖို့ကို အကြောင်းအမျိုးမျိုးနဲ့ ငြင်းဆန်လေ့ရှိကြပါတယ်။ အိမ်မှာလည်းကြုံဖူးမှာပေါ့။ ကောင်းကောင်းမအိပ်ရလေ နောက်နေ့ညတွေမှာ အိပ်ရာဝင်ဖို့ပိုငြင်းလေ၊ ပြဿနာတွေဖြစ်ရလေပါပဲ။ ကလေးက ကောင်းကောင်းမအိပ်တဲ့အကျင့်ဖြစ်လာရင် အကျင့်ဆိုးတွေထွက်လာတယ်၊ ရုန်းရင်းဆန်ခတ်တွေလုပ်တယ်၊ ပိုပြီးစိတ်တိုဒေါသတွေကြီးလာတတ်တယ်ဆိုတာကို သတိထားမိမှာပါ။ ကလေးငယ်တွေနဲ့ကျောင်းနေအရွယ်တွေမှာ ဒါမျိုးကအမြဲဖြစ်တတ်တာမဟုတ်ပေမယ့် အိပ်ချိန်လုံလုံလောက်လောက်မရရင် ပိုဆိုးတဲ့ဘက်ကိုရောက်သွားနိုင်ပါတယ်နော်။
(၃) ညမအိပ်ခင် အချိန်ကောင်းလေးများကို တူတူဖြတ်သန်းနိုင်ခြင်း
**********************************************
စောစောအိပ်ရာဝင်စေတာနဲ့ ကလေးကိုသိပ်ပေးတာနဲ့ကဆက်စပ်နေမယ်ထင်ပါတယ်။ အိပ်ချိန်လွန်မှဂျီကျနေတဲ့ကလေးကိုအိပ်ယာတဲ့တန်းထည့်လိုက်မယ့်အစား ညအိပ်ယာမဝင်ခင် ကလေးနဲ့ကိုပုံပြင်ပြောပြမယ်၊ သီချင်းဆိုပြမယ်၊ စကားတွေပြောကြမယ် စသဖြင့်ကြည်နူးစရာအချိန်တွေကိုဖန်တီးနိုင်ပါတယ်။ ဒါတွေလုပ်လို့ကလေးကအိပ်ချင်သွားမှာမဟုတ်ပေမယ့် အိပ်ခါနီးသူ့ရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းသွားစေပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်လေးမအိပ်စက်ခင်မှာ ပုံမှန်လုပ်နေကျအရာလေးတွေ လုပ်ဆောင်ပေးတာကောင်းတဲ့အချက်လေးပါပဲ။
(၄) မြန်မြန်အိပ်ပျော်စေခြင်း
***************************
ပုံမှန်နဲ့စောစောအိပ်ရာဝင်ချိန်သတ်မှတ်ပေးထားတာက ကလေးကိုလွယ်လွယ်ကူကူအိပ်သွားစေဖို့အတွက် လုံခြုံတယ်ဆိုတဲ့ခံစားချက်ကိုဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ မအိပ်ခင်သွားတိုက်၊ သန့်ရှင်းရေးလုပ်စတဲ့ ပုံမှန်လုပ်ဆောင်နေကျကိစ္စလေးတွေက သူတို့ရဲ့စိတ်နဲ့ခန္ဓာကို မကြာခင်အိပ်ရတော့မယ်နော်ဆိုပြီး သတိပေးနေသလိုဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ခန္ဓာကိုယ်ကနေပြီး အိပ်စက်ဖို့သဘာဝအလျောက် Melatonin ဟော်မုန်းတွေထွက်လာပါတယ်။ ဒါဆိုမကြာခင်မှာပဲ ကဘေးက ငြိမ်ပြီး အိပ်စက်သွားပါလိမ့်မယ်။
(၅) အနာဂတ်အတွက်ကျန်းမာတဲ့အိပ်စက်ခြင်းအလေ့အကျင့်ပျိုးထောင်နိုင်ခြင်း
******************************************
ကလေးကအသက်ကြီးလာလေ အိပ်ချိန်တွေက နောက်ကျသွားလေပါပဲ။ ဒါပေမယ့် အိပ်ချိန်အလေ့အကျင့်ပုံမှန်နဲ့တစ်စိုက်မတ်မတ်လုပ်ပေးမယ်ဆိုရင် အရမ်းညဉ့်နက်တဲ့ထိတော့နောက်မကျတော့ပဲ ညအိပ်ချိန်ရောက်တိုင်းပဋိပက္ခဖြစ်ရတာမျိုးကို သက်သာစေမှာပါ။ အိပ်ချိန်နောက်ကျလို့ ကိုယ်ခံအားနည်းပြီးဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကလည်းကာကွယ်ပေးမယ်။ ဒါ့အပြင် ပုံမှန်အိပ်နေကျချိန်မဟုတ်ပဲ တစ်ခါတရံနောက်ကျမှပေးအိပ်တာက သူတို့လေးတွေအတွက် ပျော်စရာညလေးဖြစ်နိုင်ပါသေးတယ်။
ဒါတွေတင်မကပဲ ကလေးကို စောစောညအိပ်ရာဝင်စေတာက ကလေးတွေအတွက်သာမဟုတ်၊ လူကြီးတွေအတွက်ဆိုရင်လည်း အကျိုးရှိနိုင်ပါသေးတယ်။ လူကြီးတွေအနေနဲ့ ကလေးတွေရဲ့အိပ်ချိန်ကို မှန်းလို့လွယ်တာကြောင့် လုပ်စရာရှိတဲ့ကိစ္စတွေကို စီစဉ်ထားနိုင်မယ်။ ဒါ့ပြင် ကိုယ့်အတွက်လည်း တစ်နေ့တာအတွက် အနားယူလို့ရတဲ့ညခင်းလေးတွေ ထွက်လာလိမ့်မယ်နော်။ ကဲအခုပဲ ကလေးလေးကို စောစောအိပ် အချိန်မှန်မှန်အိပ်တတ်ဖို့ ကြိုးစားကြည့်ရအောင်။
နောက်အပတ်မှာ ကလေးကို ညအိပ်ရာဝင်အလေ့အကျင့် (Bedtime Routine) လေးတွေ မျှဝေပေးသွားမှာမလို့ Stay Tuned ပါနော်။
page : https://www.facebook.com/1000daysbythethtar/
#1000DaysbyThetHtar
#Parentingfacts
#benefitsofearlybedtime
Ref : health.usnews.com