"အမောက်စလင်သည် အဖျားကျဆေးမဟုတ်ပါ။ ထို့ကြောင့် ကိုယ့်သဘောနှင့်ကိုယ် သောက်ခြင်းမပြုမိဖို့ သတိပြုပါ။"
ဆရာတို့ဝန်းကျင်မှာ မိဘအများစုက ကလေးဖျားပြီဆိုရင် ဆရာဝန်နဲ့တန်းမပြဘဲ အိမ်မှာပဲ ဆေးအရင်တိုက်ကြည့်ပြီး မသက်သာမှပြကြတာများပါတယ်။ မှန်ပါတယ်။ အခုလို ကိုဗစ်လည်းဖြစ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ ဆေးခန်းမသွားဘဲ ကုချင်ကြမှာပါပဲ။ ဖျားတဲ့အခါမှာ ပါရာစီတမောကို ဆရာဝန်မညွှန်ကြားခင် တိုက်နိုင်ပေမယ့် အမောက်စလင်ကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လုံးဝမတိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတာကို ပြောပြပါမယ်။
အမောက်စလင်လို့ အများခေါ်တဲ့ Amoxicillin (အမောက်စီစလင်) ဟာ အဖျားကျဆေးမဟုတ်ပါဘူး။ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) ဖြစ်ပါတယ်။ အလွယ်နားလည်အောင်ပြောရရင် ကလေးငယ်ကို စမ်းသပ်ပေးတဲ့ဆရာဝန်က ဘက်တီးရီးယားကြောင့်ဖြစ်သောအဖျား လို့ ယူဆတဲ့အခါမှာမှပေးရတဲ့ ဆေးဖြစ်ပါတယ်။
ဘယ်ပိုးသတ်ဆေးကိုမဆို ကလေးကိုတိုက်တဲ့အခါမှာ အချိန်မှန်မှန်နဲ့ ရက်ပြည့်အောင်တိုက်ရပါတယ်။ ဒီလိုမတိုက်ဘဲ ကဘေးဖျားတာနဲ့ အမောက်စီစလင် တန်းတိုက်ပြီး တစ်ကြိမ်နှစ်ကြိမ်ပဲတိုက်ရသေး၊ ကလေးက အဖျားကျပြီဆိုတာနဲ့ ရက်ပတ်ပြည့်အောင်မတိုက်ဘဲ ဖြတ်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ကလေးက ဆေးမတိုးတော့ဘဲ ဆေးယဥ်ပါးသွားတတ်ပါတယ်။
ဒီလိုနဲ့ အမောက်စီစလင် ကို ယဥ်ပါးသွားလို့ ဒီ့ထက်တစ်တဆင့်မြင့်တဲ့ ပိုးသတ်ဆေးကိုတိုက်၊ တိုက်ပြီး တစ်ကြိမ်နှစ်ကြိမ်ပဲတိုက်ရသေး၊ ဖြတ်၊ အဲဒီဆေးပါ ထပ်ပြီးယဥ် ဒီ့ထက်မြင့်တဲ့ဆေးကိုတိုက်၊ ထို့နည်းလည်းကောင်း အလွယ်လုပ်လိုက်မယ်ဆိုရင်.. တကယ့်ကိုအရေးကြီးတဲ့ ရောဂါဖြစ်လို့ ဆေးရုံတက်ရတဲ့အခါ ဆေးအတော်များများကိုယဥ်ပါးနေတဲ့ကလေး ဖြစ်နေပြီ ဖြစ်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ကုသဖို့လည်း အတော်ကိုကြိုးစားပေးရပြီး ကလေးကို ရောဂါသက်သာလာအောင် မနည်းကယ်တင်ပေးရပါတော့တယ်။ ကယ်ရခက်ရင် အသက်အန္တရာယ်ပိုရှိတဲ့အတွက် စိုးရိမ်စရာအခြေအနေ ဖြစ်လာတော့တာပါပဲ။
ဆရာ့ဆေးခန်းမှာလည်း ခဏခဏကြုံရပါတယ်။ ဖျားတာ နှစ်ရက်ရှိပြီဆိုတော့ အိမ်မှာဘာတိုက်လာလဲ ဆိုရင် ပါရာနဲ့ အမောက်စလင် နှစ်လုံး တိုက်ထားတယ်၊ မနေ့ကတော့ အမောက်စလင်တစ်လုံးတိုက်လိုက်တာပဲ အဖျားမကျလို့ စသည်ဖြင့် ကြုံရပါတယ်။ အမောက်စလင်ကို အချိန်မှန်ကြိုတိုက်မိထားတဲ့ ကလေးတွေကိုတွေ့ရင် ဆရာ့မှာရွေးချယ်စရာမရှိပါဘူး။ ကလေးက အရမ်းဆိုးဝါးမနေရင် အမောက်စလင်ကို ရက်ပြည့်အောင်တိုက်ဖို့ အတန်တန်မှာပြီး ရက်ချိန်းပြန်ချိန်းရတာပါပဲ။ တစ်ကြိမ်လောက်တိုက်ပြီး ဖြတ်ထား၊ အဖျားမကျမှ ဆေးခန်းပြတဲ့ကလေးတွေကတော့ အမောက်စလင် ဆေးနဲ့တိုးဖို့ မလွယ်တော့ပါဘူး။
ဆိုတော့ ဆရာအဓိက ပေးချင်တဲ့အသိပညာ အချက်က Amoxicillin (အမောက်စလင်) အပါအဝင် ဘယ် ပိုးသတ်ဆေးကိုမဆို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကြိုမတိုက်ပါနဲ့။ ကလေးဖျားရင် ပါရာစီတမောကို ကလေးရဲ့အလေးချိန်နဲ့အချိုးကျတိုက်နိုင်ပါတယ်၊ ရေပတ်တိုက်နိုင်ပါတယ်၊ အပူအရမ်းကြီးရင် ရေချိုးပေးနိုင်ပါတယ်။ ကလေးရဲ့အနာဂါတ်အတွက် ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေမတိုက်မိဖို့ စေတနာနဲ့ အမုန်းခံတိုက်တွန်းလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ