
မိခင်နို့ချိုဟာ ရင်သွေးငယ်အတွက် အကောင်းဆုံး အာဟာရဖြစ်စေတဲ့ အစားအစာတစ်မျိုးပါပဲ။ ယခုမှ မီးဖွားပြီးခါစ မိခင်တွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်လေးကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း တစ်သဝေမတိမ်းလိုက်နာပြီး အချိန်ဇယားနဲ့ပါ နို့ချိုတိုက်ကျွေးလေ့ရှိကြပါတယ်။ တစ်ခါတစ်လေ မိမိရဲ့ ရင်သွေးကို နို့ချိုတိုက်ကျွေးရမယ့် အချိန်မျိုးမှာ ကလေးငယ်ဟာ အိပ်ပျော်နေတတ်ပါတယ်။
ဒီလိုအချိန်မျိုးမှာ အိပ်ပျော်နေတဲ့ကလေးကို အတင်းနှိုးပြီး နို့တိုက်သင့်ပါလား။ ဒါဟာ ကလေးမေမေတို့ အရမ်းသိချင်ကြတဲ့ မေးခွန်းတစ်ခုပါပဲ။ မိခင်နို့ချိုဟာ ကလေးငယ်ရဲ့ အစာခြေစနစ်ကို လျင်မြန်စေပါတယ်။ ဒါ့ကြောင့် မိခင်တစ်ဦးအနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့တိုက်ပေးရမှာ ဖြစ်ပါတယ်။
ဒါဟာ နှစ်နာရီ(သို့မဟုတ်)သုံးနာရီခြား တစ်ခါ နို့တိုက်ကျွေးသင့်တယ်ဆိုတဲ့ သဘောပါပဲ။ ကလေးငယ်တွေဟာ အိပ်စက်ချိန်လည်း ပိုမိုလိုအပ်ပါတယ်။ သူတို့ဟာ အိပ်စက်ခြင်းနဲ့ နို့စို့ခြင်းတို့ကိုပဲ တစ်လှည့်စီ ပြုလုပ်နေတာပါ။ နို့စို့လိုက်ရတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်ပေါ်လာပြီး အိပ်ပျော်သွားတာ ဖြစ်ပါတယ်။
ဒ့ါကြောင့် မိမိရဲ့ ရင်သွေးအိပ်ပျော်နေချိန်မှာ နောက်တစ်ကြိမ် နို့တိုက်ကျွေးဖို့ အတင်းမနှိုးသင့်ပါဘူး။ တကယ်လို့ နောက်တစ်ကြိမ် နို့တိုက်ရမယ့် အချိန်မျိုးမှာ သင့်ကလေးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့မယ်ဆိုရင် အဲ့ဒီ့တစ်ချိန်ကို ကျော်လိုက်ပါတော့။ ဒါဟာ ကျွမ်းကျင်ဆရာဝန်တွေ အကြံပြုထားတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။
နောက်ပြီး ကလေးနိုးနိုးလာချင်း အချိန်မျိုးမှာလည်း တန်းပြီး နို့မတိုက်သင့်သေးပါဘူး။ သူ့ကို သေးခံအဝတ်လဲပေးခြင်း ၊ နွေးနွေးထွေးထွေး ချီပွေ့ခြင်း တို့ကို အရင်ဆုံး ပြုလုပ်ပေးပြီးမှသာ နို့ချို တိုက်ကျွေးသင့်ကြောင်းပါ...။
HYA (kyarlay)