စျေး မီဒီယာ

Posted by Eaint Eaint May May August 29, 2020

👶🧒👦👧 ကလေးများ ပါးစပ်အတွင်း Aphthous Ulcer (ခေါ်) အပူနာပေါက်လျင်

🔥 အခုတလော ကလေးလေးတွေ ပါးစပ်ထဲမှာ အပူနာတွေပေါက်လို့ ဆိုပြီးလာကြတာ တော်တော်တွေ့နေရလို့ ဒီ Post လေးကို ရေးဖြစ်တာပါ။

🔥 လသားအရွယ်လေးတွေလဲ နို့ကောင်းကောင်းမစို့ဘူး ပါးစပ်က သွားရည်တွေလဲကျနေတယ် ဆိုပြီး လာပြကြတဲ့အခါ ပါးစပ်ထဲကိုကြည့်ရင် အပူနာလို့ခေါ်ကြတဲ့ Aphthous ulcer လေးတွေကို တွေ့ရတတ်ပါတယ်။

🔥 အဲဒီအပူနာလေးတွေဟာ ပုံမှာပြထားတဲ့အတိုင်း အလယ်မှာ ဖြူဝါဝါရောင် အဝိုင်းပုံ သို့မဟုတ် ဘဲဥပုံရှိပြီး ဘေးပတ်လည်က နီနေပါတယ်။
လျှာပေါ်၊ လျှာအောက်၊ နှုတ်ခမ်းအတွင်းသား၊ ပါးစောင်တွေ၊ အာခေါင်နောက်ပိုင်း၊ လည်ချောင်းဝတွေမှာ ဖြစ်တတ်ပါတယ်။
တစ်ချို့လဲ တစ်ခု နှစ်ခု လောက်ဘဲရှိပြီး တစ်ချို့ဆို အာခေါင်တစ်ခုလုံး အပြည့်နီးပါး ပေါက်နေတာ တွေ့ရပါတယ်။

🔥 ဒီလို အပူနာလို့ခေါ်ကြတဲ့ Aphthous ulcer လူတော်တော်များများ ပေါက်ဖူးကြမှာပါ။ တစ်ချို့လဲ ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။
🔥လူကြီး​တွေကတော့ စိတ်ဖိစီးမှုများတဲ့အချိန်တွေ၊ အလုပ်များတဲ့အချိန်တွေ ၊ ကျောင်းသားတွေ စားမေးပွဲနီးလာတဲ့အချိန်တွေ၊ နေမကောင်းဖြစ်ပြီး ကိုယ်ခံအားကျတဲ့အချိန်တွေမှာ ပေါက်လေ့ရှိကြပါတယ်။ ဒါကြောင့် Stress ulcer လို့လဲ ခေါ်ကြပါတယ်။
🔥 ကလေးငယ်လေးတွေမှာတော့ အဖျားနဲ့ တွဲဖြစ်တာ များပါတယ်။ တစ်ချို့ကလေးတွေကျတော့ ကိုယ်ပူကြီးပြီး နောက်နေ့မှာ ထွက်လာတတ်သလို တစ်ချို့လဲ ကိုယ်သိပ်မပူဘဲ ထွက်ပါတယ်။ ဝမ်းချုပ်လို့ ထွက်တာလို့ ထင်တတ်ကြပေမယ့် ဝမ်းလျှောပြီးဖျားတဲ့ ကလေးတွေမှာလဲ ထွက်ပါတယ်။

🔥 တစ်ခုထဲပေါက်တဲ့ အနာတောင် တော်တော်နာတာ ပေါက်ဖူးသူတွေ သိပါတယ်။ ပါးစပ်အနှံ့ပေါက်နေတဲ့ ကလေးတွေဆို နာလို့ အီ(ဂျီကြ)နေတတ်ပါတယ်။
နို့စို့အရွယ်ကလေးတွေမှာ လျှာနဲ့ အာခေါင်တွေမှာပေါက်ရင် နို့စို့တဲ့အခါ နို့သီးခေါင်းထိပ် နဲ့ အနာနဲ့ထိမိပြီး နာတဲ့အတွက် နို့တောင်မစို့တော့ပါဘူး။
အာခေါင်ဝမှာ အပူနာပေါက်ရင် တံတွေးမျိုချတာတောင် နာလို့ မမျိုချတော့ သွားရည်တွေ ကျနေတတ်ပါတယ်။ အရည်သောက်တာလဲ နည်းသွားတတ်ပါတယ်။ တစ်ချို့ဆို အစာ၊ ရေဝင်တာ နည်းသွားပြီး ရေဓာတ်လျော့နည်းခမ်းခြောက်တာထိ ဖြစ်သွားတတ်ပါတယ်။

💧ဒီအနာလေးတွေက ၇ ရက်ကနေ ၁၀ ရက်လောက်အတွင်းမှာ သူ့ဟာသူ ပျောက်သွားတတ်ပါတယ်။
💧ဒီအတောအတွင်း ကလေးတွေ အနာသက်သာအောင်လုပ်ပေးဘို့၊ အစာနဲ့ အရည်ဝင်အောင်တိုက်ဘို့ လိုအပ်ပါတယ်။

💧လသားအရွယ် နို့စို့ကလေးတွေ လျှာ၊ အာခေါင်တို့မှာ အနာရှိနေလို့ နို့မစို့နိုင်ရင် မိခင်နို့ကို ခွက်သန့်သန့်ထဲညှစ်ပြီး ဇွန်းနဲ့ တိုက်ပေးနိုင်ပါတယ်။ နို့ဗူးတိုက်တဲ့ကလေးကိုလဲ အလားတူ ခွက်၊ ဇွန်းလေးနဲ့ တိုက်ပေးပါ။ ဇွန်းဖျားနဲ့ အနာနဲ့ မထိမိအောင်လဲ သတိထားရပါတယ်။
💧ဖြည့်စွက်စာကိုလဲ ပိုပြီးနူးညံ့ပျော့ပြောင်းအောင်၊ အလွယ်တကူ မြိုချနိုင်အောင် ပြုလုပ်ပြီးကျွေးပါ။

☃️ ကလေးအကြီးလေးတွေကိုလဲ အလားတူ ပျော့ပျော့ပြောင်းပြောင်း ပြုလုပ်ပြီးကျွေးပါ။ မာတဲ့အစာတွေ၊ ချဉ်တဲ့၊ ငံတဲ့၊ စပ်တဲ့ အစာတွေဟာ အနာကို ပိုနာစေတတ်လို့ ရှောင်ဘို့လိုပါတယ်။ ပူနေတုံးလဲ မတိုက်ကျွေးပါနဲ့။ အေးတဲ့အစားအစာတွေက နာတာကို သက်သာစေလို့ ပိုစားကြပါတယ်။ ဥပမာ-ရေခဲမုန့်၊ နို့အေး၊ အသီးဖျော်ရည်အေး (Iced fruit juices)။

❄️ အနာသက်သာအောင်၊ အရောင်လျော့အောင် အနာမှာထည့်တဲ့ ဆေးတွေလဲ ရှိပါတယ်။
❄️ မြန်မာပြည်မှာ အသုံးများတဲ့ ဆေးတစ်မျိုးကတော့ Triamcinolone ပါတဲ့ဆေး Generlog ပါ။ စတီးရွိုက် ဖြစ်တဲ့အတွက် ကလေးငယ်လေးတွေမှာ ခဏခဏလိမ်းရင် မှိုပိုးကြောင့်ဖြစ်တဲ့ မက်ခရု Oral thrush (အဖြူဖတ်တွေ) ပါးစပ်ထဲမှာ ဖြစ်လာတတ်ပါတယ်။
❄️ Zytee ကတော့ အနာသက်သာပြီး ရောင်တာကို လျော့စေပါတယ်။
❄️ Dentogel ဆေးမှာ အနာကို သက်သာစေတဲ့ Lidocaine ထုံဆေးလဲ ပါပါတယ်။
❄️ ဆေးကို အနာပေါ်လိမ်းရင် တစ်ချက်ဘဲ သုတ်ပေးရပါတယ်။ အရေပြားပေါ် လိမ်းသလိုမျိုး လိမ်းရင် လက်မှာ ပြန်ကပ်ပါလာတတ်ပါတယ်။

❄️ အာဟာရချို့တဲ့သူတွေမှာ သံဓာတ်အားဆေး၊ ဖောလစ်အက်ဆစ်၊ ဇင့်၊ ဗိုက်တာမင် B12၊ ဗိုက်တာမင်စီနဲ့ ဘီ အုပ်စုတွေကိုပေးရင် မြန်မြန်သက်သာနိုင်ပါတယ်။

မေတ္တာဖြင့်
ဒေါက်တာလှမြတ်နွယ်
ရန်ကုန်ကလေးဆေးရုံကြီး

#HMNwe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.