စျေး မီဒီယာ

Posted by Ngu Kay August 27, 2020

ကလေးကို ပညာပေးရာတွင် ဘယ်လိုစနစ်ပုံစံမျိုးက အကိုက်ညီဆုံးဖြစ်မလဲ

ကလေးကို တကယ်တတ်သိနားလည်သွားအောင် ဘယ်လိုသင်ပေးမလဲဆိုတာဟာ လူကြီးမိဘတွေအတွက်တော့ တကယ်ခေါင်းစားစရာပါပဲ။ မြန်မာနိုင်ငံမှာ အသားကျနေတဲ့ ကလေးတွေကို သင်ပေးမှုစနစ်ဟာ မှတ်မိအောင် နှုတ်တိုက်ရွတ်ခိုင်းမယ် ၊ လိုက်လုပ်ခိုင်းမယ် ၊ တခါကနေနှစ်ခါ အခါခါ ပြောဆိုဆုံးမသွန်သင်လို့မှမရရင် ဆူမယ် ၊ ရိုက်မယ် ၊ ဒဏ်ပေးမယ်။ ဒီလိုစနစ်တွေနဲ့ ကလေးတွေကို အမျိုးမျိုးသင်ပေးပြီး ကြီးပြင်းလာစေခဲ့တာ အစဉ်အလာကြီးတခုလို အသားကျနေခဲ့ပြီလေ။

တကယ်တော့ ကလေးတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ သင်ယူနေကြတာမို့ ကလေးတစ်ဦးချင်းစီမှာ သူတို့ ဦးနှောက်ကို ဖမ်းစားသင်ယူလွယ်စေသော နည်းကလေးတွေနဲ့ အလွယ်တကူ တတ်မြောက်သင်ယူသွားလေ့ရှိတဲ့ ကိုယ်ပိုင်နည်းကလေးတွေ ရှိနေတတ်ကြတယ်။ ကလေးအများစုကတော့ ကာရံနပေလေးတွေ ၊ ကလေးတေးသွားကလေးတွေ ၊ စိတ်ဝင်စားဖွယ်ရာ ကစားနည်းကလေးတွေကနေတဆင့် သင်ယူတတ်မြောက်သွားကြတာလည်းရှိပါတယ်။ ဒါကြောင့် ကလေးတွေကို သင်တဲ့အခါ အရွယ်ရောက်သူတွေကို ပြောပြသင်ကြားသလို နည်းတွေနဲ့သင်ရင် ထင်သလောက် မမှတ်မိ ၊ မလိုက်နာတတ်တာလေးတွေဟာ သူတို့သင်ယူတဲ့နည်းနဲ့ ကိုယ်သင်ပေးတဲ့နည်း လွဲနေလို့ဖြစ်ပါတယ်။

ကလေးငယ်လေးတွေဟာ သူတို့စိတ်ဝင်စားတဲ့အရာတွေကနေ သူတို့သိရှိခံစားနိုင်စွမ်းကလေးတွေနဲ့ သူတို့နည်း ၊ သူတို့ဟန်လေ့လာသင်ယူနေကြတာပါ။ ဒီတော့ လူကြီးတွေးနဲ့ကလေးကို သင်ပေးလို့တော့ သိပ်အရာရောက်မှာမဟုတ်ဘူးပေါ့။ ကလေးငယ်လေးတွေကို အပ်နှံတဲ့ကျောင်းတွေဟာ ဒီသဘောကို လေးလေးနက်နက် သိနားလည်ပြီး ကလေးကို ကလေးအထာနဲ့ ကလေးသဘောပေါက်အောင် သင်ပေးနိုင်တဲ့ကျောင်းမျိုး ဖြစ်သင့်ပါတယ်။

ကလေးငယ်တွေအကြောင်းကို ကောင်းကောင်း သဘောပေါက် နားလည်ပေးပြီး သင်ကြားပြသနိုင်တဲ့ ဒီလိုကျောင်းမျိုးတွေကို ဘယ်လိုရွေးချယ်ရမလဲ။ ဒီလိုကျောင်းတွေဟာ ပုဂ္ဂလိကကျောင်းတွေလား ၊ အစိုးရကျောင်းတွေလား ၊ ဘာသာရေးကျောင်းတွေလား ၊ အိမ်မှာသီးသန့်သင်တဲ့နေရာမှာလား ၊ ဒါမှမဟုတ် ဘယ်နေရာမှာ ပိုတွေ့ရှိနိုင်မလဲ ခေါင်းစားစရာပါ။


ကလေးတွေဟာ သူတို့စိတ်ဝင်စားစရာအရာတွေကနေ သူတို့ဘာသာသူတို့ သင်ယူတတ်မြောက်သွားတတ်တဲ့ အလေ့အကျင့်ရှိတာမို့ သူတို့ကို သူတို့ဘာသာ သင်ယူလေ့လာခွင့်ပေးတဲ့ ကျောင်းတွေဟာ သူတို့အတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။ လူကြီးမိဘ ၊ ဆရာသမားတွေဟာ သူတို့ကို သူတို့ဘာသာ လေ့လာသင်ယူတတ်မြောက်ခွင့်ပေးဖို့လိုပါတယ်။

ကိုယ့်ရဲ့ မသိမသာ စောင့်ကြည့် ၊ လမ်းပြ ၊ စောင့်ရှောက်ပေးနိုင်စွမ်းနဲ့ သူတို့ကို စမ်းသပ်လုပ်ကိုင်စေရင်း သင်ယူခွင့်ပေးသင့်ပါတယ်။ လူဆိုတာ ကိုယ်တိုင်လုပ်ကြည့်ပြီး ကိုယ်တိုင် မှားယွင်းသွားတာ ၊ အောင်မြင်သွားတာကနေတဆင့် အများစုသောအရာတွေကို လေးလေးနက်နက် တတ်မြောက်သွားကြတာပါ။ အဆိပ်ကို စမ်းသပ်သောက်ခွင့်ပေးတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ကလေးဘဝအနာဂါတ် လုံးဝမရှုမလှ ဆုံးရှုံးသွားနိုင်တဲ့ ကိစ္စမျိုးတွေကလွဲရင် ကလေးကို ၎င်းဘာသာ စမ်းသပ်လုပ်ကိုင် သင်ယူရင်း တတ်မြောက်စေရမှာဖြစ်ပါတယ်။

ကလေးတွေကို သင်ပေးတဲ့ လူကြီး ၊ မိဘ ၊ ဆရာ ၊ ဆရာမတွေဟာ သင်ကြားပြသသူအနေအထားထက် လေ့လာအကဲခတ်သူ အနေအထားကနေ ကလေးလိုအပ်တဲ့အခြေအနေမှ ကူညီလုပ်ကိုင်ရှင်းပြပေးတာမျိုးကို လုပ်သင့်တာပါ။ တကယ်တော့ ကလေးတွေအများစုဟာ သူတို့ဘာသာ ရှာဖွေလေ့လာရင်း တွေ့ရှိသိနားလည်လာတာတွေကနေ သင်ယူတတ်မြောက်မှု အများဆုံးဖြစ်တယ်လို့လည်း ကလေးငယ်လေ့လာသင်ယူမှုကို စစ်တမ်းကောက်ယူမှုအရ သိရှိရပါတယ်။

စစ်တမ်းကောက်ယူမှုတွေအရ ဒီလိုလေ့လာတွေ့ရှိနေကြပေမယ့်လည်း ကလေးငယ်တွေကို သူတို့ဘာသာသင်ယူရင်း တတ်မြောက်ခွင့်မပေးနိုင်ဘဲ လူကြီးမိဘ ၊ ဆရာသမားတွေသင်ပေးမှ တတ်မြောက်မယ်လို့ ယုံကြည်မှတ်ယူနေသူတွေလည်း အများအပြားရှိနေပါသေးတယ်။ သူတို့တွေက ရှေးရိုးအစဉ်အလာသင်ကြားနည်းတွေကို လက်ကိုင်ထားပြီး ကလေးကို လူကြီးနားလည်သဘောပေါက်သလို သင်ကြားပေးတာမျိုး လုပ်နေကြသူတွေပါ။

လူကြီးတွေးနဲ့ လူကြီးတွေနားလည်သလို သင်ကြားပေးမှုခံရတဲ့ကလေးတွေဟာ ကိုယ်တိုင်ဖောက်ထွင်းစဉ်းစားလေ့လာတတ်တဲ့ အလေ့အကျင့်တွေ တဖြည်းဖြည်း နည်းပါးပျောက်ကွယ်လာပြီး ဒီလိုနည်းနဲ့ သင်ကြားပေးမှုခံရတဲ့ တချို့ကလေးတွေဟာ သူတို့ကိုယ်ပိုင်ဟန်နဲ့ တွေးတောအကောင်အထည်ဖော် ဆောင်ရွက်တတ်တဲ့အလေ့အကျင့်တွေ နည်းပါးသထက် နည်းပါးလာပါတယ်။ တချို့ဆို သူတို့ကိုယ်ပိုင်ဟန်နဲ့ တွေးတောအကောင်အထည်ဖော် ဆောင်ရွက်တတ်တဲ့အလေ့အကျင့်တွေ လုံးဝပျောက်ကွယ်သွားတဲ့အထိလည်း ရှိနေတတ်ပါတယ်။

ကလေးတွေကို သူတို့ကိုယ်ပိုင်နည်းတွေနဲ့ လေ့လာစေမယ်ဆိုပေမယ့် ပုံမှန်ကလေးတွေထက် အရမ်းကို မထိန်းနိုင်မသိမ်းနိုင် အသွက်လွန်တဲ့ ကလေးသူငယ်တွေနဲ့ ကိုယ့်ဘာသာထိုင်ပြီး အာရုံစူးစိုက်လေ့လာနိုင်စွမ်းမရှိတဲ့ ကလေးသူငယ်တွေအတွက်တော့ ဒီလိုသင်ယူလေ့လာစေတဲ့နည်းဟာ မသင့်လျော်ပါဘူး။

ကျောင်းစနေရမယ့်ကလေးအရွယ်ကို သင်ကြားမှုနည်းမျိုးစုံနဲ့ သင်ပေးနိုင်အောင် ကြိုးစားရပါမယ်။ ကလေးတွေကို သင်ယူခွင့်ပေးတဲ့နေရာမှာ ငါကတော့ ဒီနေရာမှာ ဒီလိုမှားခဲ့ဖူးတယ် ၊ သူလည်းမှားနိုင်တယ်ဆိုတဲ့အတွေးနဲ့ သင်ပေးတာမျိုး မလုပ်ရပါဘူး။ ကိုယ့်တုန်းကမှားခဲ့ပေမယ့် သူ့အလှည့် မှားချင်မှမှားမှာပါ။ မမှားသေးတာကို ကြိုပူပန်ပြီးသင်ပေးရင် မမှားသေးတဲ့ကလေးဟာ ပြောကာမှ မှားသွားနိုင်တယ်လေ။

ကလေးအပ်နှံမယ့် ကျောင်းကို လူကြီးမိဘ (ကလေးကိုတိုးတက်စေချင်သူ) ကိုယ်တိုင်လိုက်ပြီး ကျောင်းရဲ့သင်ကြားမှုစနစ်ကို လေ့လာပါ။ ဟိုဟာဆိုလည်း မလုပ်နဲ့ ၊ ဒီဟာဆိုလည်း တားပြီးထိန်းချုပ်ထားတတ်တဲ့ကျောင်းမှာ ကလေးကိုအပ်နှံလိုက်ပြီဆိုရင် ကိုယ့်ကလေးရဲ့ လွတ်လပ်စွာတွေးခေါ်လုပ်ကိုင်တတ်တဲ့ ညာဉ်ကလေးကို သူတို့ဟာ အပြီးသတ်ထိန်းချုပ်လိုက်မှာပါ။ ကလေးကို ကစားစေတာတောင် ဖန်တီးမှုစွမ်းရည်အသုံးပြုပြီး ပေးကစားတတ်တဲ့ကျောင်းတွေကတော့ ကလေးရဲ့ လွတ်တတ်စွာ တွေးခေါ်ဖန်တီးလုပ်ကိုင်လေ့ရှိတဲ့ စွမ်းအားတွေကို အရောင်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးတွေကို ကစားဖို့ပေးထားတဲ့ ကစားစရာတွေကိုလည်းလေ့လာပါ။ မိန်းကလေးတွေပဲ ကစားလေ့ရှိတဲ့ ကစားစရာတွေချည်းလား ၊ ယောကျာ်းလေးတွေ ကစားလေ့ရှိတဲ့ ကစားစရာတွေချည်းလား ၊ အကုန်လုံးအတွက် မျှမျှတတ ထားပေးသလား ။ ညာဘက်ဦးနှောက်ကို အသုံးပြုလုပ်ကိုင်ကစားရတဲ့ အရုပ်ဆက်တာမျိုး ၊ ပြေးလွှားကစားရတာမျိုးတွေပဲလား။ ဘယ်ဘက်ဦးနှောက်ကို အသုံးပြုလုပ်ကိုင်ကစားရတဲ့ ဖတ်စရာစာအုပ်အထွေထွေ ၊ စကားလုံးတည်ဆောက်မှုပိုင်းဆိုင်ရာ ၊ ရေးသားမှုပိုင်းဆိုင်ရာတွေကိုပါ ကျောင်းမှာထားပေးသလားဆိုတာလည်း သတိထားသင့်ပါတယ်။ ကလေးဟာ ဘယ်ဦးနှာက် ၊ ညာဦးနှောက် နှစ်ခုစလုံးကို အသုံးပြုလေ့ကျင့်ပေးပါမှ နှစ်ဖက်စလုံးဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။

ဆရာမဟာ စိတ်တိုလေ့ရှိတတ်သူလား ၊ ကလေးကြိုပို့လုပ်တဲ့ မိဘတွေနဲ့ ကျောင်းနေကလေးတွေရဲ့ သွင်ပြင်အမူအရာတွေဟာ ဒီကျောင်းရဲ့ ဝန်ဆောင်မှုအပေါ် နှစ်လိုမှုရှိသလား ၊ နောင်မှာ ကိုယ့်ကလေးနဲ့ ကျောင်းနေဘက် ၊ ကစားဖော်ဖြစ်လာမယ့် ကလေးတွေအများစုဟာ ကိုယ့်ကလေးရဲ့ စာရိတ္တအမူအကျင့်တွေနဲ့ ကိုက်ညီမှုရှိရဲ့လား ဆိုတာကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ်ပေးနိုင်ရင်ဖြင့် ကိုယ်အပ်နှံလိုက်တဲ့ကျောင်းမှာ ကလေးလည်း ကျောင်းနေရတာပျော် ၊ ကိုယ်တိုင်လည်း မိမိကလေးအတွက် မိမိရွေးချယ်အပ်နှံလိုက်တဲ့ ကျောင်းအပေါ် စိတ်ချယုံကြည်မှု အပြည့်အဝရှိနိုင်မှာဖြစ်ပါတယ်။

ရတု Burmesehearts
Baby Care မှ

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.