"ဆေးသောက်မလား ရေပတ်တိုက်မလား"
မိုးရာသီကာလမှာ ကလေးများ ဖျားနာတတ်ကြတဲ့အတွက် အခုတခါမှာ ရေပတ်တိုက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။
ကလေးငယ်တစ်ဦးဟာ အဖျား ၁၀၂ဒီဂရီဖာရင်ဟိုက် ကျော်လာပြီဆိုရင် အပူပေါ်အပူဆင့်ကာ ဆေးတိုက်ပြီးအဖျားချရခက်ခဲတတ်ပါတယ်။ ဒီအခါမှာ Tepid Sponging လို့ခေါ်တဲ့ရေပတ်တိုက်ခြင်းဟာ အင်မတန်အရေးပါလာပါတယ်။ အဖျား ၁၀၄ဒီဂရီဖာရင်ဟိုက်အထက်ထိတက်သွားမယ်ဆိုရင် ကလေးငယ်ရဲ့ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်နိုင်တာကြောင့် အမြန်ဆုံးအဖျားကျနည်းဖြစ်တဲ့ရေပတ်တိုက်ခြင်းဟာ မဖြစ်မနေလိုအပ်လာပါတယ်။
ရေပတ်တိုက်တဲ့အခါမှာ အေးစိမ့်နေတဲ့ရေကိုသုံးဖို့မလိုအပ်ပါဘူး။ အရမ်းအေးတဲ့ရေကိုသုံးတဲ့အခါ ကလေးငယ်ဟာချမ်းပြီးတုန်တက်လာကာ နေမထိထိုင်မသာ ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် သွေးကြောလေးတွေကျုံ့သွားတာကြောင့် ကိုယ်အတွင်းပိုင်းအပူတွေပိုအောင်းပြီးအဖျားမကျဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အနေတော်သာအေးသောရေကိုသုံးပြီး ရေပတ်တိုက်ရပါမယ်။ ရေပတ်တိုက်လို့ ကလေးငယ်ဟာချမ်းတုန်လာတာမရှိဘူးဆိုရင်အနေတော်လို့ပြောရပါမယ်။
ရေပတ်တိုက်တဲ့အခါမှာ မျက်နှာကနေစပြီး ရေဝတ်လေးနဲ့သုတ်ပေးပါ။ ပြီးနောက်မှာတော့ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ပြီးနောက်မှာ ခန္ဓာကိုယ်အောက်ပိုင်း စသည်ဖြင့် တစ်ဆင့်စီရေပတ်တိုက်သွားရမှာပဲဖြစ်ပါတယ်။ အပူအရမ်းကြီးတဲ့အခါမှာတော့ အပူအမြန်ကျအောင် ရေချိုးချလိုက်လို့လဲရပါတယ်။
အပူချိန်လျော့သွားပြီးနောက်ပိုင်းမှာတော့ အဖျားကျအောင် ပါရာစီတမော အစရှိတဲ့ ကလေးအတွက်သင့်တော်ရာအဖျားကျဆေးကိုသုံးနိုင်ပါတယ်။ ဒီလောက်ဆိုရေပတ်တိုက်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ အရေးပါပုံတွေကိုသိရှိပြီလို့ထင်ပါတယ်။
ကျွန်တော်တို့မြန်မာမိခင်ဖခင်တွေဟာ ကလေးငယ်ဖျားရင် ရေချိုးချဖို့၊ ရေဝတ်ကပ်ဖို့အင်မတန်ဝန်လေးတတ်ကြပါတယ်။ ဖျားတဲ့ကလေးကိုရေမချိုးရဲဘဲ အဝတ်တွေနဲ့လုံးနေအောင်ပတ်ထားတဲ့ အယူအဆမှားတစ်ခုရှိတဲ့အတွက် အပူကျသင့်သလောက်မကျဘဲ ကလေးဟာအဖျားကြီးပြီး တက်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အဝတ်အစားကိုလည်းသင့်ရုံသာဝတ်ပေးပြီး ရေပတ်တိုက်ခြင်း အလေ့အကျင့်ကိုပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ