ကလေးကျန်းမာ သိကောင်းစရာ - ၁၈
လည်ပင်းအကျိတ်အဖုလေးများ
ကလေးတွေမှာ လည်ပင်း၊ နောက်စေ့၊ နားရွက်အနောက်ဖက် တွေမှာ အကျိတ်၊ အဖုသေးသေးလေးတွေမကြာခဏ စမ်းမိလေ့ရှိပါတယ်။
Lymph node လို့ခေါ်တဲ့အကျိတ်ဖုလေးတွေဟာ ပြင်ပကဝင်လာတဲ့ပိုးမွှားတွေကို ခန္ဓာကိုယ်က တုံ့ပြန် တဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ ဒါကြောင့် နားနှာခေါင်း၊ လည်ချောင်း၊ ဦးခွံအရေပြားစသည်တို့မှာ အနာဖြစ်တယ်၊ ဗိုင်းရပ်စ်ပိုးတွေဝင်တယ်ဆိုရင် သက်ဆိုင်ရာလည်ပင်းက အကျိတ်ငယ်လေးတွေဟာကြီးလာလေ့ရှိပါတယ်။ ခြေထောက်မှာအနာဖြစ်ရင်ပေါင်ခြံမှာအကျိတ်ခိုသလိုပေါ့။ ဒါဟာခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်တော့ပြန်သေးသွားနိုင်ပေမဲ့ ပိုးတစ်မျိုးပြီးတစ်မျိုးဝင်နေရင်၊ခဏခဏနှာစေးချောင်းဆိုးဖျားနေရင်၊ဒီအကျိတ်ကလေးတွေဟာဆက်တိုက်ထွက်နေတတ်ပါတယ်။ အန္တရာယ်မရှိပါ။
ဒီလိုအကျိတ်ဖုလေးတွေထွက်ထွက်ရင် တီဘီရောဂါလား၊ ကင်ဆာကျိတ်များလား စသည်ဖြင့်စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ဒီရောဂါတွေဆိုရင်တခြားသောလက္ခဏာများတွဲပြီးတွေ့နိုင်ပါတယ်။ဥပမာတီဘီဆိုရင် အကျိတ်ဖုကြီးကြီးတွေ ပြွတ်သိပ်ထွက်ပြီး ရက်ရှည်ဖျားတာ၊ချောင်းဆိုးတာမျိုး၊ ကင်ဆာကျိတ်ဆိုရင်လည်း အဖုအကျိတ်တွေဟာ အရမ်းကြီးမယ်၊ပိုမာနိုင်တယ်၊ဖြူဖတ်ဖြူရော်ဖြစ်မယ်၊ အစားပျက်မယ် စတဲ့လက္ခဏာတွေရှိတတ်ပါတယ်။
အောက်ပါအခြေအနေများရှိလျှင်ဆေးရုံဆေးခန်းပြပါ။
၁၊ နာလျှင်၊
၂၊ အပေါ်အရေပြား နီရဲ ရောင်ရမ်းနေလျှင်၊
၃၊ အကျိတ်ဖုတွေအချိန်တိုအတွင်းမှာ သိသိသာသာကြီးမားများပြားလာလျှင်၊
၄၊ အပေါ်မှာ ဖေါ်ပြခဲ့တဲ့ တခြားလက္ခဏာတွေနဲ့တွဲထွက်နေလျှင်၊
ခြုံပြောရမယ်ဆိုရင်တော့လည်ပင်း၊ နောက်စေ့၊ အကျိတ်ဖုအများစုဟာ အန္တရာယ်မရှိပါ။ ရောဂါမဟုတ်ပါ။
#KyawLinn_ကလေးကျန်းမာသိကောင်းစရာ