ဗီတာမင်အကြောင်း သိကောင်းစရာများ
ဗီတာမင် ဆိုသည်မှာ အင်္ဂလိပ်စာလုံး Vitamin ကို တိုက်ရိုက် မြန်မာမူ ပြုထားခြင်းဖြစ်သည်။ လူ့ ခန္ဓာကိုယ် အတွက် နေ့စဉ် လိုအပ်သည့် ဗီတာမင် ပမာဏမှာ အနည်းငယ်သာ ဖြစ်သော်လည်း ဗီတာမင်ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်သောကြောင့် အစားအစာ များမှသာ ရယူကြရသည်။ ခန္ဓာကိုယ်အတွက် ဗီတာမင် ၁၃ မျိုးမှာ မရှိမ ဖြစ် လိုအပ်လှပေသည်။ ကျွန်တော် ငယ်စဉ်က ဗီတာမင်ဆေးတွေ သောက်လိုက်လျင် ခန္ဓာကိုယ်က ကြီးထွားလာပြီး အားတိုးလာမည် ဟု ထင်မှတ်ခဲ့ဖူးသည်။ အမှန်စင်စစ် ကျွန်တော်တို့ ခန္ဓာကိုယ် ကြီးထွားသန်စွမ်းဖို့ အဓိက လိုအပ်သည်မှာ ကာဗိုဟိုက်ဒရိတ်(ကဆီဓာတ်)၊ ပရိုတင်း (အသားဓာတ်)နှင့် အဆီဓာတ်တို့ ဖြစ်ကြသည်။ သို့သော် ထို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နှင့် အဆီဓာတ်များမှ အဟာရဓာတ်များ ထုတ်ယူသုံးစွဲရာတွင် ဗီတာမင်ဓာတ်များက မရှိ မဖြစ်လိုအပ်ကြသည်။ ဗီတာမင်များက အင်အားကို တိုက်ရိုက် ထုတ်မပေးနိုင်သော်လည်း ကာဗိုဟိုက်ဒရိတ်၊ ပရို တင်း နှင့် အဆီများမှ အဟာရဓာတ်များ ထုတ်ယူသုံးစွဲရာတွင်လည်းကောင်း ခန္ဓာကိုယ် ပြုပြင်တည်ဆောက်ရာတွင် အကူဓာတ်များအဖြစ် လည်းကောင်း လုပ်ဆောင်ပေးကြသော ပစ္စည်းများ ဖြစ်ကြသည်။ သတိပြုရန်မှာ ဗီတာမင်ဆေးတွေ နေ့စဉ် သောက်နေ၍ ကျန်းမာ ဝဖြိုးလာမည် မဟုတ်ပါ။ ထမင်း၊ ဟင်း၊ သားငါးသီးနှံနှင့် ဟင်းသီးဟင်းရွက်များကို နေစဉ် လုံလောက်စွာ စားသုံးမှသာ ကျန်းမာပြီး ခွန်အား တိုးလာမည်ဖြစ်ပါသည်။
ဗီတာမင်များကို ရေတွင်ပျော်ဝင်သည့် ဗီတာမင်(ဗီတာမင် စီနှင့် ဘီတာမင် ဘီအုပ်စုများ)နှင့် အဆီမှာ ပျော်ဝင်သော ဗီတာမင်များ(ဗီတာမင် အေ၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ)ဟူ၍ နှစ်မျိုး ခွဲခြားထားပါသည်။ရေမှာပျော်ဝင်သော ဗီတာမင်များပိုလျှံလာပါက ဆီးမှတိုက်ရိုက် စွန့်ပစ်သော်လည်း အဆီမှာ ပျော်ဝင်သော ဗီတာမင် များကို ခန္ဓာကိုယ်က သိုလှောင် ထားလေ့ရှိပြီး လိုအပ်သလောက်သာ ထုတ်ယူ သုံးစွဲ သည်။အဆီ၌ပျော်ဝင်သော ဗီတာမင် များ ခန္ဓာကိုယ် တွင် စုပုံလာပါက ဆိုးကျိုး များစွာ ဖြစ်ပေါ်စေနိုင်သည်။
ဗီတာမင် အားဆေးများကို ဗီတာမင် ချို့တဲ့ရောဂါများမဖြစ်အောင် ကာကွယ်ရန်နှင့် ကုသရန် လိုအပ်သူများ၊ အစာအဟာရ မဝင်သူများ၊နာမကျန်းသည့်အချိန်၊နာလန်ထချိန်၊အစားနည်းသည့် သက်ကြီးရွယ်အိုများ၊ ကလေးသူ ငယ်များ၊ ခန္ဓာကိုယ်က လိုအပ်လာသည့်အချိန်(ဥပမာ ကိုယ်ဝန်သည်များ)သည်သာ သောက်သုံးသင့့်သည်။ သာ မန်ကျန်းမာနေသူသည် ထမင်း၊ သားငါးသီးနှံ၊ ဟင်းသီးဟင်းရွက်များ နေ့စဉ်လုံလောက်စွာ စားသုံးနေပါက ဗီတာမင် ဆေးတွေ သောက်သုံးနေရန် မလိုအပ်ပါ။ တစ်နေ့တာ လိုအပ်သော ဗီတာမင်များကို အစားအစာ များမှသာ ရယူ သင့်ပါသည်။ ညီညွတ်မျှတသော အစားအစာ များ စားသောက်နေပါလျက် တစ်နေ့တာလိုအပ်ချက် ဗီတာမင်ဆေး များ သောက်နေပါက ဗီတာမင်များ ပိုလျှံကာ ဆိုးကျိုးများ ဖြစ်လာနိုင်ပေသည်။ အစားအသောက်ကြောင့် ဗီတာမင် လွန်ကဲခြင်းမှာ ရှားပါးလှပေသည်။ ဆေးဝါးများကြောင့်သာ ဗီတာမင်လွန်ကဲခြင်းများ ဖြစ်ပေါ်လာရသည်။
ဗီတာမင် အေ(Vitamin A)
ဗီတာမင် အေ ချို့တဲ့လျှင် ကြက်မျက်သင့်ရောဂါ၊ မျက်စိအား ချို့တဲ့ပြီး မျက်မြေးခြောက်ရောဂါ၊ မျက်သား ခြောက်သွေ့ခြင်း၊ အခြားမျက်လုံးရောဂါများနှင့် ကလေးသူငယ်များတွင် ကြီးထွားမှု နှောင့်နှေးခြင်းများ ဖြစ်တတ်ပါသည်။
အစိမ်းရောင်ရင့်ရင့်ရှိသော ဟင်းသီးဟင်းရွက်များ၊ နို့ထွက် ပစ္စည်းများ၊ ဥအနှစ်၊ အသည်း၊ မုန်လာဥနီနှင့် အဝါရောင်ရှိသော အသီးများ(ရွှေဖရုံသီး၊သဘောင်္သီး၊သရက်သီး) များတွင် ဗီတာမင်အေပမာဏ ပေါကြွယ်ဝကြ သည်။
ဗီတာမင်အေ လွန်ကဲလျှင် အသားအရေကြမ်းခြင်း၊ ဆံပင်ခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် အသည်းကြီး ခြင်းတို့ ဖြစ်တတ်သည်။
ဗီတာမင် ဒီ(Vitamin D)
ဗီတာမင် ဒီ ချို့တဲ့ရောဂါမှာ ရှားပါးပေသည်။ အဘယ်ကြောင့်ဆိုသော် နေရောင်ခြည်ရလျှင် လူ့ခန္ဓာကိုယ်က အလိုအလျောက် ဗီတာမင် ဒီကို ချက်လုပ်နိုင်၍ ဖြစ်သည်။ ဗီတာမင် ဒီချို့တဲ့လျှင် အရိုးပျော့ရောဂါ၊ ရစ်ကတ်ရောဂါ (ရစ်ကတ်ရောဂါ ၏ လက္ခဏာ များမှာ ခြေထောက်ခွင်ခြင်း၊ ခါးကုန်းခြင်း၊ ကြက်ရင်အုပ်သဖွယ် ရင်အုပ်က မို့မောက်ခြင်း)တို့ ဖြစ်နိုင်သည်။
ဗီတာမင် ဒီ ပေါကြွယ်ဝသော အစားအစာ များမှာ အသည်းနှင့် ငါးကြီးဆီ၊ နို့နှင့်နို့ထွက် ပစ္စည်းတို့ ဖြစ်ကြ သည်။
ဗီတာမင် ဒီများ လူ့ခန္ဓာကိုယ်တွင် ပိုလျှံလာပါက ရေငတ်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊နွမ်းနယ်ခြင်း၊ဆီးသွားများခြင်း တို့ ဖြစ်လာနိုင်သည်။
ဗီတာမင် အီး(Vitamin E)
ဗီတာမင် အီး ချို့တဲ့ရောဂါမှာ ဖြစ်ခဲပါသည်။ ဗီတာမင်အီးကို အပင်ထွက် ဆီအမျိုးမျိုး(ပဲဘိဆပ်ဆီ၊နေကြာစေ့ဆီ၊နှမ်းဆီ၊ပဲဆီ)၊ အခွံမာသီးများ၊ ဥများ၊ထောပတ်နှင့် ဆန်၊ဂျုံတို့တွင် အများဆုံး တွေ့ရှိရသည်။
ဗီတာမင် အီး ဆေးများကို မလိုအပ်ဘဲ ကြာရှည်စွာ စွဲမြဲ သောက်သုံးပါက ကျီးကန်းပါးစပ်နာဖြစ်ခြင်း(နှုတ် ခမ်းထောင့် အက်ကွဲနာ)၊ခန္ဓာကိုယ်မှ သွေးယိုစီးခြင်း ၊ပျို့အန်ခြင်းနှင့် ကြွက်သား အားနည်းခြင်း များ ဖြစ်နိုင်သည်။
ဗီတာမင် ကေ(Vitamin K)
ဗီတာမင် ကေ ချို့တဲ့လျှင် ခန္ဓာကိုယ်မှ သွေးယိုခြင်း၊ မွေးကင်းစကလေးများတွင် ချို့တဲ့ပါက ဦးခေါင်ခွံအ တွင်း သွေးယိုခြင်းနှင့် သွေးထွက်ခြင်းတို့ ဖြစ်တတ်သည်။
ဗီတာမင် ကေ ကြွယ်ဝသော အစားအစာများမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ(ဥပမာ -ကိုက်လန်)၊ ပန်းမုံလာ၊ဂေါ်ဖီထုပ်နှင့် နို့ထွက်ပစ္စည်းတို့ ဖြစ်ကြသည်။
အစားအစာကြောင့် ဗီတာမင် ကေ လွန်ကဲမှုမှာ မရှိသလောက် ရှားပါးသည်။ စားဆေးများကြောင့် ဗီတာမင် ကေ လွန်ကဲခဲ့လျှင် အသားဝါခြင်း၊ မျက်စိဝါခြင်းများ ဖြစ်တတ်သည်။
ဗီတာမင် ဘီဝမ်း(Vitamin B1)
ဗီတာမင် ဘီဝမ်း ချို့တဲ့ခြင်းကို ၆လအောက် ကလေးသူငယ်များနှင့် အရက်သမား များတွင် အဓိက တွေ့ရ သည်။ ဗီတာမင် ဘီဝမ်းချို့တဲ့လျှင် ဘယ်ရီဘယ်ရီရောဂါ ဖြစ်တတ်သည်။ ရောဂါ လက္ခဏာများမှာ ခြေလက်များ ထုံခြင်း၊နာကျင်ခြင်း၊ ခြေထောက်များ ဖောရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးနည်းခြင်း၊ကလေးသူငယ်များတွင် အသည်း ကြီးခြင်း၊တက်ခြင်းတို့ ဖြစ်နိုင်သည်။
ဘီတာမင်ဘီဝမ်း ပေါကြွယ်ဝသော အစားအစာ များမှာ ဆန်၊ ဂျုံ၊ တဆေး၊ အာ လူး၊ အသည်း၊ အစေ့အ ဆန်၊ ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ ဖြစ်ကြသည်။
ဘီတာမင် ဘီဝမ်းလွန်ကဲမှုကြောင့် ဖြစ်သော ရောဂါမှာ မရှိသလောက် ရှားပါးပါသည်။
ဗီတာမင် ဘီတူး(Vitamin B2)
ဗီတာမင် ဘီတူး ချို့တဲ့ပါက လက်များ ပက်ကြားအက်ခြင်း၊ အရေပြားများကွာခြင်း၊ နှုတ်ခမ်း ကွဲခြင်း၊ ကျီး ကန်းပါးစပ်နာဖြစ်ခြင်း (ပါးစပ်ထောင့် အရေပြားကွဲအက်ခြင်း)၊ ကပ်ပယ်အိတ်နှင့် မိန်းမအဂါင်္အရေပြား ရောင်ခြင်းတို့ ဖြစ်နိုင်သည်။
ဗီတာမင် ဘီတူး ကြွယ်ဝသော အစားအစာများမှာ ကလီစာများ၊ နို့၊ ဥ၊ဒိန်ခဲ ၊အသား၊ဆန်းဂျုံ၊ပဲ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြသည်။
ဗီတာမင် ဘီတူး လွန်ကဲမှု မရှိပေ။
ဗီတာမင် ဘီသရီး(Vitamin B3)
ဗီတာမင် ဘီသရီး ချို့တဲ့ပါက ဝမ်းပျက်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ မှတ်ဥာဏ် လျော့ကျခြင်း များဖြစ်နိုင်သည်။
ဗီတာမင် ဘီသရီးကို အသားများ၊အသည်း၊ ပဲအမျိုးမျိုးနှင့် ကော်ဖီ တို့တွင်တွေ့ရတတ်သည်။
ဗီတာမင် ဘီသရီး ကို လိုအပ်တာထက်ပို၍ သောက်သုံးမိပါက အရေပြားနီခြင်းနှင့် အသည်းထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ဗီတာမင် ဘီစစ်(Vitamin B6)
ဗီတာမင် ဘီစစ် ချို့တဲ့မှုမှာ အလွန်ရှားပါးပြီး တီဘီရောဂါကုသဆေး(Isoniazid)သောက်နေရသော သူများ တွင်သာ တွေ့ရတတ်သည်။ ဗီတာမင် ဘီစစ် ချို့တဲ့ပါက သွေးအားနည်းခြင်း၊ စိတ်ကျဝေဒနာ၊အာရုံကြောအားနည် း ခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ကလေးသူငယ်များတွင် ချို့တဲ့ပါက ကြီးထွားမှု နှေင့်နှေးခြင်း နှင့် တက်ခြင်းတို့ ဖြစ်နိုင်သည်။
ဗီတာမင် ဘီစစ် ကို အသည်း၊ ကောက်နှံအမျိုးမျိုး၊ ဝက်သား နှင့်ကလီစာများ၊ ပဲအမျိုးမျိုး၊ အာလူး၊ ဆန်၊ ဂျုံ၊ ငှက်ပျောသီးနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့ရသည်။
ဗီတာမင် ဘီစစ် လွန်ကဲပါက ခြေလက်များထုံခြင်း၊လက် မမြဲခြင်း၊ လမ်းလျှောက်သည့်အခါ ဒယိမ်းဒယိုင်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။
ဗီတာမင် ဘီတွဲ(Vitamin B12)
ဗီတာမင် ဘီတွဲ ချို့တဲ့ပါက သွေးအားနည်းရောဂါ(ပါးနီးရှပ် စ် အနီးမီးယား)နှင့် အာရုံကြော ဝေဒနာများ ရ တတ်သည်။ အသည်း၊ အသား၊ ဥ၊ နို့နှင့် ဒိန်ခဲ တို့တွင် ဗီတာမင် ဘီတွဲ ပေါကြွယ်ဝသည်။ ဗီတာမင် ဘီတွဲ လွန်ကဲမှုကြောင့် ဖြစ်သော ရောဂါမှာ မရှိသလောက် ရှားပါးပါသည်။
ဗီတာမင် စီ(Vitamin C)
ဗီတာမင် စီ ချို့တဲ့ပါက စကာဗီရောဂါ(သွားဖုံး သွေးယိုခြင်း၊ အရေပြားတွင် သွေးခြည်ဥခြင်း၊ အနာကျက်ချိန် ကြာခြင်း၊သွေးကြောအားနည်းခြင်း၊ခန္ဓာကိုယ်အတွင်း သွေးယိုစီးခြင်း) တို့ ဖြစ်နိုင်သည်။ ရှောက်သီး၊ သံပုရာသီး ၊လိမ္မော်သီး ၊ဟင်းသီးဟင်းရွက်များ၊ မာလကာသီး ၊ဆီးဖြူသီး များတွင် ဗီတာမင် စီ ဓာတ် ပေါကြွယ်ဝပါသည်။
အစားအစာကြောင့် ဗီတာမင် စီ လွန်ကဲမှု မဖြစ်နိုင်ပါ။ ဗီတာမင် စီ ဆေးပြားများ အချိန်ကြာမြင့့်စွာလိုအပ်တာထက် ပိုမို၍ သောက်သုံးပါက ဆီးကျောက်တည်ခြင်းနှင့်ကျောက်ကပ် ထိခြင်းတို့ ဖြစ်နိုင်သည်။
ပင်တိုသင်းနစ်အက်စစ်၊ဘိုင်အိုတင်(Pantothenic acis,Biotin)
ပင်တိုသင်းနစ်အက်စစ်၊ ဘိုင်အိုတင် ဓာတ်များသည် အစားအစာ အမျိုးမျိုးတွင် ပါဝင်ပြီး လူ့ခန္ဓာကိုယ် အူအ တွင်းမှ ဗက်တီးရီးယား ပိုးများက ထုတ်လုပ်နိုင်ခြင်းကြောင့် ချို့တဲ့မှုမှာ အလွန်ရှားပါသည်။ချို့တဲ့လျှင် အစားအသောက် ပျက်ခြင်း၊အန်ခြင်း၊ကြွက်သားနာခြင်း များ ဖြစ်ပေါ်နိုင်သည်။ လွန်ကဲမှုကြောင့် ဖြစ်သော လက္ခဏာ များမှာ မရှိသလောက် ရှားပါးသည်။
ဖောလစ်အက်ဆစ်(Folic Acid)
ဖောလစ်အက်ဆစ်နှင့် ဗီတာမင် ဘီတွဲ ချို့တဲ့ပါက သွေးအားနည်းရောဂါ ရနိုင်သည်။ ကိုယ်ဝန်ဆောင်များ တွင် ဖောလစ်အက်ဆစ် ချို့တဲ့ပါက မွေးဖွားလာသောကလေးတွင် ချွတ်ယွင်းချက်များ ပါလာတတ်သည်။ ဥပမာ ကျောရိုးတစ်နေရာတွင် ကွဲနေခြင်း၊ဦးခေါင်းခွံရိးနှင့်ဦးနှောက်တစ်သျူး အပြည့်အဝ မပါလာခြင်း။
ဖောလစ်အက်ဆစ်ကို အသည်းအမျိုးမျိုး၊အသား၊ငါး၊ပဲ၊ဥ၊ နို့ ဟင်းသီးဟင်းရွက်များမှ ရယူနိုင်ပါသည်။
ပိုလျှံခြင်းကြောင့် ဖြစ်သောရောဂါ မှာ မရှိသလောက် ရှားပါးပေသည်။
"တန်ဆေး လွန်ဘေး "ဆိုသလို ဗီတာမင် ကြွယ်ဝသော အစားအစာများ ၊ဗီတာမင် ချို့တဲ့လျှင် ဖြစ်နိုင်သော ဝေဒနာများ ၊ဗီတာမင် ပိုလျှံလျှင် ဖြစ်လာနိုင်ဖွယ်ရှိသော ရောဂါလက္ခဏာများကို စုစည်း ရေးသားလိုက်ရပါသည်။
ဟမ်စိုင်း(ဆေး-မန်း)