"မိခင်တို့ရဲ့ နို့တိုက်ရင်းဖြစ်တတ်တဲ့ပြသနာလေးတွေ"
နို့စို့ကလေးငယ်ရှိတဲ့မိခင်တွေဟာ အခန့်မသင့်ရင် နို့တိုက်ခြင်းနဲ့ပက်သတ်တဲ့ အဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ်။ ဒါကြောင့် ဘာတွေကြုံရတတ်တယ်၊ ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့နည်းလမ်းတွေကို တင်ပြလိုက်ပါတယ်။
၁. နို့တိုက်ချိန်တွင် နို့သီးခေါင်းနာကျင်ခြင်း
ဒါဟာများသောအားဖြင့် ကလေးနို့တိုက်တဲ့ပုံစံမမှန်တဲ့အခါ နို့သီးခေါင်းထိပ်နာကျင်ခြင်းဖြစ်တတ်ပါတယ်။ ကလေးကိုနို့တိုက်တဲ့အခါမှာ ကလေးရဲ့ပါးစပ်ဟာ အမေရဲ့နို့သီးအမည်းကွင်းတစ်ခုလုံးကို ငုံမိတဲ့အထိပုံစံပြောင်းပြီးတိုက်ပေးခြင်းအားဖြင့် ဒီလိုနာကျင်ခြင်းကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
၂. နို့သီးခေါင်းအက်ကွဲခြင်း
အကယ်၍နို့သီးခေါင်းအက်ကွဲနေခဲ့မယ်ဆိုရင်တော့ နို့တိုက်တဲ့အခါမှာ အကြိမ်ရေခပ်များများနဲ့ ခဏခဏတိုက်ပေးစေချင်ပါတယ်။ နို့တိုက်ပြီးတဲ့အခါမှာလည်း အက်ကွဲနေတဲ့နေရာတစ်ဝိုက်ကို မိမိနို့ရည်နဲ့အနည်းငယ် ပွတ်ပြီးလိမ်းထားစေချင်ပါတယ်။
၃. နို့ချောင်းပိတ်ခြင်း
နိုချောင်းပိတ်နေတယ်ဆိုရင်တော့ မိခင်တစ်ယောက်ဟာ နာကျင်ခြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ လုံလောက်စွာအိပ်စက်အနားယူခြင်းနဲ့ နို့အုံတစ်ဝိုက်ကိုကြပ်ထုပ်နွေးနွေးနဲ့ချေပေးခြင်း၊ ရေနွေးပုလင်းလှိမ့်ပေးခြင်းတို့ပြုလုပ်ကာ သက်သာစေနိုင်ပါတယ်။
၄. နို့ထွက်တအားများပြီး နို့အုံတင်းခြင်း
နို့ထွက်နှုန်းအရမ်းများတဲ့မိခင်တွေအနေနဲ့ နို့အုံတင်းလာတဲ့အခါ လက်နဲ့နို့ရည်များကိုညှစ်ထုတ်နိုင်ပါတယ်။ ဒါ့အပြင်ကလေးငယ်ကို အကြိမ်ရေများများနို့တိုက်ပေးခြင်းကလည်း နို့အုံတင်းခြင်းကိုသက်သာစေနိုင်ပါတယ်။
၅. နို့အုံပြည်တည်နာဖြစ်ခြင်း
နို့အုံပြည်တည်နာခြင်းဟာ ဘက်တီးရီးယားပိုးများကြောင့်ဖြစ်ရပြီး ကလေးငယ်အတွက်လည်းအန္တရာယ်ရှိတာကြောင့် ပိုးသတ်ဆေးတ်ုက်ကာ ဂရုတစိုက်ကုသရပါမယ်။ ပြည်တည်နာဖြစ်တဲ့ဘက်နဲ့နို့မတိုက်ရဘူးဆိုပေမယ့် နို့တင်းခြင်းလည်းမဖြစ်ရ၊ မြန်မြန်လည်းသက်သာရအောင် နို့ရည်ကိုညှစ်ထုတ်ပစ်ဖို့လိုအပ်ပါတယ်။
၆. နို့သီးခေါင်းအထဲဝင်ခြင်း
နို့သီးခေါင်းအထဲဝင်နေတဲ့အခါ ကလေးငယ်အတွက်နို့စို့ရခက်ခဲစေပါတယ်။ ဒီအခါမှာ အမေကနို့မတိုက်ခင် နို့ရည်ကိုအရင်ညှစ်ထုတ်ပြီး နို့ထွက်အားမှန်လာတဲ့အခါတိုက်ကြည့်ပါ။ အဆင်မပြေသေးရင်တော့ နို့သီးခေါင်းအထဲဝင်နေသူများနို့တိုက်ရာမှာအဆင်ပြေစေတဲ့ nipple shieldကိရိယာလေးတပ်ဆင်ပြီးတိုက်နိုက်ပါတယ်။
၇. နို့စို့ရင်းကလေးငယ်အိပ်ပျော်ပျော်သွားခြင်း
မွေးကင်းစ တစ်လနှစ်လအရွယ်လေးတွေဟာ နို့စို့ရင်းအိပ်ပျော်သွားတတ်ပါတယ်။ ဒီလိုအိပ်ပျော်သွားတဲ့အခါမှာ မိခင်နို့ကိုကောင်းကောင်းမရရှိဘဲ အာဟာရလိုအပ်မှုရှိသွားတတ်ပါတယ်။ ကလေးငယ်ရဲ့ခြေဖဝါးကို အသာအယာပွတ်ပေး၊ကုတ်ပေးခြင်းအားဖြင့် အိပ်မပျော်စေပဲနို့ရည်ကိုကောင်းစွာစို့စေနိုင်မှာဖြစ်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ