စျေး မီဒီယာ

Posted by Aye Myat Noe August 20, 2020

🔴ကလေးနှင့် ချောင်းအမျိုးမျိုး🔵
****************************
ကလေးတိုင်း တစ်ချိန်ချိန်တွင် ချောင်းဆိုးဖူးသည်။ ချောင်းအမျိုးမျိုးရှိကြောင်း မိဘများကို အကြမ်းဖျင်းနားလည်စေလိုသည်။ ဘာကြောင့်ဆိုးမှန်းမသိသောချောင်းကို ချောင်းဆိုးပျောက်ဆေး မတိုက်စေလိုပါ။

ယာယီ(သို့) ရေတိုချောင်းနှင့် ရေရှည်ချောင်းဟူ၍ ခွဲခြားနိုင်သည်။

🔴
(က) အန္တရာယ်မရှိသော ရေတိုချောင်း
••••••••••••••••••••••••••••••••

-ကလေးမှာ အဖြစ်အများဆုံးပြဿနာဖြစ်သည်။ ကလေး တစ်ဦးက တစ်နှစ်လျှင် ၄-၅ ကြိမ်ထိ ဖြစ်နိုင်သည်။

-နှာစေးခြင်း၊ နှာချေခြင်းတို့နှင့် တွဲဆိုးသော ချောင်းက အများအားဖြင့် ၁ ပတ် ၂ ပတ် အတွင်း အလိုလို ပျောက်သည်။

-ကလေးက နို့ (သို့) အစာဝင်သည်။ အသက်ရှူရ မခက်ခဲပါ။

-နှာစေးစေသော ဗိုင်းရပ်စ်ရောဂါပိုးကို ပိုးသတ်ဆေးက မနိုင်၍ ဆေးတိုက်ဖို့မလိုပါ။

-အချိန်တန်လျှင် အလိုလို ပျောက်မည့် ချောင်းမို့ ကလေးအတွက် ဘေးထွက်ဆ်ိုးကျိုးများသည့် ချောင်းဆိုးပျောက်ဆေးမတိုက်သင့်ပါ။

-ချောင်းတိုက အိပ်စက်ခြင်းကို အလွန်နှောင့်ယှက်ပုံပေါ်လျှင် တစ်နှစ်အထက် ကလေးများကို ပျားရည် ဇွန်းသေးတစ်ဇွန်းလောက်ကို ရေနွေးနွေးနှင့် ရော၍ တိုက်နိုင်သည်။

🔴
(ခ) အန္တရာယ်အသင့်အတင့်ရှိသော ရေတိုချောင်း
•••••••••••••••••••••••••••••
-၂ နှစ်အောက် ကလေး အဆုတ်လေပြွန်များ ၂ ဘက် လုံးရောင်၍ ချောင်းဆိုးသည်။

-ချောင်းဆိုး၍ အသက်ရှူမြန်သည်။ အများအားဖြင့် နို့စို့နိုင်သေးသည်။ ရှူးရှူးပုံမှန်ထွက်သည်။

-ပိုးသတ်ဆေး မနိုင်သော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ ၇-၁၀ ရက်အတွင်း ကောင်းသွားသည်။

-အသက်ရှူမြန်လွန်းလျှင်၊ အစာမဝင်လျှင် ဆေးရုံတက်ပြီး အောက်ဆီဂျင် ကူရသည်။ နှာခေါင်းပိုက်နှင့် အရည်ဓာတ် ဖြည့်ပေးရသည်။

🔴
(ဂ) အန္တရာယ်ကြီးသော ရေတိုချောင်း
••••••••••••••••••••••••••••

-မြန်မာနိုင်ငံတွင် ၅ နှစ်အောက်ကလေး သေဆုံးသော အကြောင်းရင်းများတွင်
ပါဝင်သည်။

-ရောဂါပိုးက ပြင်းထန်ပြီး အဆုတ်ရောင်စေသည်။ ချောင်းစဆိုးပြီး ၁ရက် ၂ ရက်အတွင်း အခြေအနေဆိုးလာတတ်သည်။ ချောင်းဆိုးပျောက်ဆေး ပြေးဝယ်တိုက်လျှင် ချောင်းငြိမ်သွားသလိုရှိ၍ မိဘ ဝမ်းသာသည်။ ရောဂါပိုးက မသေသေး၍ အဆုတ်မှ တကိုယ်လုံးပြန့်သွားနိုင်သည်။ သင့်လျော်သော ပိုးသတ်ဆေးကို ပါးစပ်မှ တိုက်ရန် အရေးကြီးပါသည်။

-အချိန်မီ မကုလျှင် ကလေးက အဖျားကြီးပြီး နို့နှင့်အစာမဝင်ခြင်း၊ အန်ခြင်းများရှိမည်။ ဆီးသွားနည်းသွားမည်။ မှိန်းနေမည်။ အသက်ရှူ မြန်လွန်းပြီး ရင်ဘတ် နံရိုးကြားများချိုင့်ဝင်သွားမည်။

-ဆေးရုံ အမြန်သွားပြီး ပိုးသတ်ဆေးကို သွေးပြန်ကြောမှ အမြန်ပေးဖို့လိုသည်။ မကုလျှင် အသက်အန္တရာယ်ရှိသည်။

-ကလေးငယ်လေ ရောဂါပြင်းထန်လာဖို့ မြန်လေဖြစ်သည်။ ၃ လအောက်ကလေးများကို ၁ရက်၂ ရက်အတွင်း မှန်ကန်စွာ မကုနိုင်လျှင် အသက်ဆုံးရှုံးနိုင်သည်။

-မြန်မာနိုင်ငံကျန်းမာရေးဌာနမှ ထိုးပေးသော ကာကွယ်ဆေးများတွင် ပါဝင်သော ၂ မျိုးက ပြင်းထန် အဆုတ်ရောင်ပိုး ၂ မျိုးကို ကာကွယ်နိုင်သည်။ သို့သော် ပြင်းထန်အဆုတ်ရောင်ရောဂါကို ဖြစ်စေသော ရောဂါပိုးများစွာ ရှိသေး၍ ကလေးချောင်းဆိုးလျှင် မပေါ့ပါနှင့်။

🔴
(ဃ) အန္တရာယ်ရှိသောရုတ်တရက်ချောင်း
•••••••••••••••••••••••••••••••••
မဖျားဘဲ၊ နှာမစေးဘဲ ဆော့နေရာမှ ရုတ်တရက် ချောင်းဆက်တိုက် ထဆိုးလျှင် နှာခေါင်းမှ တဆင့် အသက်ရှူလမ်းကြောင်းထဲ တစ်စုံတရာ ဝင်သွားတာဖြစ်ဖို့များသည်။ နီးစပ်ရာ အရေးပေါ်ဌာနသို့ အမြန်သွားသင့်သည်။

🔵(င) အန္တရာယ်ရှိသော ရေရှည်ချောင်း
•••••••••••••••••••••••••••••••••

(၁) နို့အန်လွန်းလို့ဆိုးတဲ့ချောင်း🔷
-----------------------------
-စို့လိုက်သောနို့က အစာအိမ်မှအောက်သို့ အကုန်မဆင်းဘဲ လည်ချောင်းထဲ ပြန်တက်လာပြီး လည်ချောင်းကို ကလိ၍ ချောင်းဆိုးသည်။

-အနည်းအကျဉ်းတက်လျှင် ချောင်းနည်းနည်းသာဆိုးမည်။ လိုအပ်လျှင် ဆရာဝန်က သောက်ဆေးပေးမည်။

-အခြေအနေဆိုးပါက အမြဲ ပြန်တက်လာသောနို့ကြောင့် အစာမျိုပြွန်ရောင်လျှင် ဆေးလိုသည်။ ကလေးကစို့လိုက်ေ
သာ နို့ရည်ကို မရရှိ၍ ကိုယ်အလေးချိန်လျော့ကျလာမည်။

(၂ ) ပန်းနာရင်ကြပ် Asthma 🔷
-------------------------
-မတည့်တာရှုမိခြင်း၊ ရောဂါပိုး အဆုတ်ထဲဝင်ခြင်း၊ မတည့်သော ဆေးသောက်မိခြင်းစသည်တို့ ကြုံတိုင်း အဆုတ်လေပြွန်များ ကျဉ်းမြောင်း၍ အသက်ရှူကြပ်သည်။

-နာတာရှည် ချောင်းဆိုးနိုင်သလို လေပြွန်များကျဉ်းလွန်းလျှင် ရုတ်တရက် အသက်မရှူနိုင်ဘဲ သေနိုင်သည်။

-ပျောက်အောင်ကုဖို့ဆေးမရှိ၊ လက္ခဏာ သက်သာအောင်သာ ဆေးရှိသည်။ ကလေးအများစုက ပျိုဘော်ဝင်ချိန်တွင် ကောင်းသွားသည်။

-ရေရှည်သုံးဖို့ ဆေးလိုမလို၊ အရေးပေါ်ဖြစ်လျှင် ဆေးသုံးပုံတို့ကို မိသားစုဆရာဝန်က တာဝန်ယူပြီးသင်ကြားရှင်းပြရသည်။

(၃) တီဘီ အဆုတ်ရောင်🔷
----------------------
-အစပိုင်းတွင် ချောင်းကမသိမသာဆိုးသည်။ ချောင်းက ၆ ပတ် ကျော်လာသည်။ ညနေဘက် ဖျား၍ကိုယ်နွေးသည်။ ညဘက်အိပ်လျှင် ချွေးအလွန်ထွက်သည်။ ကလေးက ဘယ်လောက်နို့စို့စို့၊ ဘယ်လောက်စားစား မထွားလာ။ အချို့က ကိုယ်လေးချိန်ပါ ကျသည်။

-ကလေးက သလိပ်မဟတ်တတ်၍ ဓာတ်မှန်နှင့် ခေတ်မီသွေးစစ်ခြင်းများက တီဘီရှိကြောင်းပြနိုင်သည်။ တခါတရံ ဓာတ်မှန်တွင် တီဘီက မထင်ရှား၊ သွေးစစ်ဖို့က အဆင်မပြေသော အခြေအနေတွင် အတွေ့အကြုံများသော ဆရာဝန်များက တီဘီကိုသံသယအလွန်ရှိလျှင်စကုသည်။

-၆ လမှ ၁၂ လကြာ ဆေးသောက်မှ တီဘီပိုးကို သတ်နိုင်သည်။ ဆေးတိုက်နေစဉ် အာဟာရပြည့်ဝအောင် ကျွေးမှ ကိုယ်ခံအားတက်သည်။

🔴အကျဉ်းချုပ်🔵
***************
အထက်ပါအဖြစ်များသော အကြောင်းရင်းများအပြင် ချောင်းဆိုးခြင်း၏ အခြားအကြောင်းရင်းမြောက်မြားစွာ ရှိပါသေးသည်။

ကလေး ချောင်းဆိုးကြာလျှင်၊ ကလေး ချောင်းဆိုးပြင်းထန်လျှင် ရောဂါရာဇဝင်ကို အသေးစိတ်ယူပြီး ကလေးကိုယ်ခန္ဓာကို သေချာစမ်းသပ်စစ်ဆေးသော အတွေ့အကြုံရင့်ကျက်သည့် ဆရာဝန်က ကုသပေးခြင်းကို ခံယူစေလိုသည်။ ဘာကြောင့် ဆိုးမှန်းမသိသော ချောင်းကို ချောင်းဆိုးပျောက်ဆေး ဝယ်မတိုက်စေလိုပါ။

နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Google
#cough
#naynaymoeswe

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright Š 2019 Kyarlay . All Rights Reserved.