
ကလေးတွေဆိုတာ သင်ယူမှုအားအကောင်းဆုံး၊ အသွက်လက်အထက်မြက်ဆုံးအရွယ်လေးတွေပါ။ ဒီလိုအချိန်မှာ အာဟာရပြည့်ပြည့်၀၀ရှိဖို့၊ စားတဲ့အစားအသောက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဦးနှောက်ကိုအကျိုးပြုတဲ့ ဓာတ်တွေပါ၀င်ဖို့ သိပ်ကိုအရေးကြီးလှပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေး ဥာဏ်ကောင်းအောင် ပံ့ပိုးပေးနိုင်တဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။

၁။ ဥ အမ်ိဳးမ်ိဳး
---------------
ဥတွေဟာ အသားဓာတ်ကြွယ်၀တဲ့ အဓိက အစားအစာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ လူသိနည်းသေးတဲ့ အချက်တစ်ခုကတော့ ဥအနှစ်မှာပါတဲ့ Choline ဆိုတဲ့ ဓာတ်တစ်မျိုးဟာ မှတ်ဥာဏ်ကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာပါပဲ။ ဒါကြောင့် ဦးနှောက်ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ်ပြီး စျေးလဲသက်သာတဲ့ ဥအမျိုးမျိုးကို ကလေးတွေကိုကျွေးဖို့မမေ့နဲ့နော်။

၂။ အုတ်ဂျုံ (နှံစားပြောင်း)
-----------------------------
အုတ်ဂျုံတွေဟာ မြန်မာပြည်မှာ ကလေးတွေကို ကျွေးတဲ့ ဓလေ့နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ အလွန်အာဟာရပြည့်တဲ့ ကောက်နှံအနေနဲ့ အရမ်းကျွေးတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂျုံမှာ မနက်ခင်းမှာ ကလေးတွေလိုအပ်တဲ့ ဦးနှောက်အတွက် အလွန်ကောင်းမွန်တဲ့ စွမ်းအင်ကိုထုတ်ပေးပါတယ်။ အမျှင်ဓာတ်တွေပေါကြွယ်ဝခြင်းကလဲ အစာအများကြီး အလွန်အကျွံစားလိုစိတ်မရှိအောင် ပံ့ပိုးပေးပါတယ်။ ဗီတာမင် ဘီ၊ အီး ပိုတက်ဆီယမ်နဲ့ ဇင့်ဓာတ်တွေက ခန္ဒာကိုယ်နဲ့ ဦးနှောက်ကို အကောင်းဆုံးစွမ်းဆောင်ဖို့ ကူညီပေးပါတယ်။ အုတ်ဂျုံကို အခုအခါ စူပါမားကတ်တွေမှာအလွယ်တကူ၀ယ်လို့ရနေပါပြီ။

၃။ ဟင်းသီးဟင်းရွက်အရောင်စုံလေးတွေ
--------------------------------------------
ခရမ်းချဉ်သီး၊ ကန်စွန်းဥ၊ ရွှေဖယုံသီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် အစရှိတဲ့ အရောင်အသွေးစုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါတဲ့အတွက် ဦးနှောက်ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။

၄။ နို့နဲ့ ဒိန်ချဉ်
----------------
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အသားဓာတ်နဲ့ ဗီတာမင်ဘီဓာတ်တွေပါပါတယ်။ ဒါတွေဟာ ဦးနှောက်တစ်ရှူး၊ နူရိုထရန်စမစ်တာလို့ခေါ်တဲ့ ဓာတ်ပစ္စည်းနဲ့ အင်ဇိုင်းဓာတ်တွေဖွံ့ဖြိုးဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကိုလဲ ပေးပါတယ်။

၅။ အသားအမျိုးမျိုး
---------------------
သံဓာတ်ဟာ ခွန်အားရှိတယ်လို့ ခံစားရဖို့နဲ့ အာရုံစူးစိုက်နိုင်ဖို့ အလွန်အရေးကြီးတဲ့ ဓာတ်ပါ။ အမဲသားမှာ သံဓာတ်တွေကြွယ်၀စွာပါ၀င်တာမို့ ကလေးတွေကို ကျွေးသင့်ပါတယ်။ဒါ့အပြင် သွပ်ဓာတ်ပါတဲ့အတွက် မှတ်ဥာဏ်ကိုကောင်းစေပါတယ်။ သက်သက်လွတ်သမားတွေဆိုရင်တော့ သံဓာတ်ပါ၀င်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပဲပိစပ်အပါအ၀င်ပဲအမျိူးမျိူး၊ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ဟင်းနုနွယ်ရွက်တွေကို စားပေးနိုင်ပါတယ်။

၆။ ဘယ်ရီသီးများ
--------------------
စတော်ဘယ်ရီသီး၊ချယ်ရီသီး၊ ဘလူးဘယ်ရီနဲ့ ဘလက်ဘယ်ရီတွေဟာ အရောင်တွေတောက်ပတာနဲ့အညီ အာဟာရတွေလဲ သိပ်သိပ်သည်းသည်း ပါ၀င်ပါတယ်။ ဗီတာမင်စီအပါအ၀င် တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလဲ ကင်ဆာကိုကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေမှန်မှန်စားသုံးပေးတဲ့အခါ မှတ်ဥာဏ်တိုးတက်ကောင်းမွန်တာကိုတွေ့ရပါတယ်။

--------------------
#Ref( ဒေါက်တာ စိန့်မိုးစက် - ကလေးနဲ့ အကောင်းဆုံးအစားအစာများဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)