ကလေးမွေးဖွားချိန် နီးလာပြီဆိုတာဖော်ပြတဲ့ လက္ခဏာ(၁၀)ခု
တချို့လူတွေက ရေမြွှာပေါက်ပြီးပြီဆိုတာနဲ့ ကလေးငယ်ထွက်လာမယ်လို့ ယုံကြည်ထားကြပါတယ်။
မေမေတို့ရေ ကလေးမွေးဖွားချိန်လက္ခဏာ ဘယ်အချိန်ပေါ်မလဲ ဆိုတာနဲ့ အဲ့ဒီလက္ခဏာပေါ်ပြီး နောက်ဘယ်လောက်ကြာကြာမှာ မေမေတို့က ကလေးကို တွေ့ရမလဲဆိုတာ အတိအကျသိရဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကလေးမွေးရက် ရောက်လာတော့မယ် ဆိုတာ ပြောပြနိုင်တဲ့ နည်းလမ်း (၁၀) မျိုးရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံးအပတ်တွေမှာ မီးဖွားမယ့် လက္ခဏာတွေ ဘယ်အချိန်နဲ့ ဘယ်လို ဖြစ်ပေါ်မလဲ၊ ဘယ်လောက်ကြာမလဲ၊ ကလေးမွေးဖို့အချိန်ကျ၊မကျ ဘယ်လိုသိနိုင်လဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး မိခင်လောင်းတွေဆီမှာ မေးခွန်းတွေ အများကြီး ရှိနေတတ်ပါတယ်။
ကလေးမွေးဖွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မတူညီတာကြောင့် ပထမမေးခွန်း(၃)ခုအတွက် တိကျတဲ့ အဖြေ မရှိပါဘူး။ နောက်ဆုံးမေးခွန်း အတွက်ကိုတော့ အောက်မှာဖော်ပြထားတဲ့ လက္ခဏာ(၁၀)ခုကို လေ့လာနိုင်ပါတယ်။
ဗိုက်နဲ့ဆီးစပ် တင်းပြီးနာကျင်ခြင်း
မီးမဖွားခင်(၁)ပတ်ကနေ(၄)ပတ်လောက်မှာ ကလေးငယ်ဟာ မိခင်ရဲ့ သားအိမ်ခေါင်းကို ရောက်လာပါပြီ။ ဒါပေမယ့် ဒီလက္ခဏာဟာ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေအတွက် သိသာမှာမဟုတ်ဘဲ တကယ်မွေးတဲ့အချိန် မှသာ သိသာပါလိမ့်မယ်။ ဒီအချိန်မှာ ကိုယ်ဝန်ဆောင်မိခင်ဟာ သူမရဲ့ တင်ပါးဆုံရိုးနေရာမှာ လေးလံနေသလို ခံစားရပြီး လမ်းလျှောက်တဲ့အခါ ယက်ကန်ယက်ကန်နဲ့ လမ်းလျှောက်ရပါတယ်။ ဒါပေမယ့် မိခင်တွေအတွက် သတင်းကောင်းကတော့ ကလေးတွေက အဲ့ဒီ အချိန်မှာ သူတို့ရင်ဘတ်ပေါ် ဖိအားသက်ရောက်မှု နည်းတဲ့အတွက်ကြောင့် အသက်ရှုရတာ ပိုလွတ်လပ်ပြီး အဆင်ပြေသွားပါတယ်။
သားအိမ်ဟာစတင်ပြီး သူ့အလိုလိုချဲ့ထွင်ကြီးထွားလာခြင်း
ကလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ဖို့ သားအိမ်ရော သားအိမ်လမ်းကြောင်းပါ စတင်ပြီး တဖြည်းဖြည်း သူ့ဟာသူ ချဲ့ပြီးကျယ်လာပါလိမ့်မယ်။ မိခင်တွေအနေနဲ့ ကလေးမမွေးခင် တစ်ပတ်(သို့) အပတ်အနည်းငယ် (သို့) ရက်အနည်းငယ် မှာ သားအိမ်က အလိုလိုပွင့်လာတယ်ဆိုတာ နားလည်ဖို့ မခက်ပါဘူး။ ဒီလိုအချိန်မှာ မိခင်လောင်းတွေက ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တယ်ဆိုရင် ဆရာဝန်ကနေ သားအိမ်ချဲ့ထွင်လာပုံကို တိုင်းတာပါလိမ့်မယ်။ သားအိမ်ကြီး လာပုံဖြစ်စဉ်ကတော့ မိခင်လောင်းတစ်ဦးနဲ့ တစ်ဦး တူမှာမဟုတ်ပါဘူး။
ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းပါ
ကိုယ်ဝန်ဆောင်ကာလပြီးဆုံးခါနီးမှာ မိခင်ရဲ့အလေးချိန်ဟာ ဆက်မတက်ပဲ ရပ်နေတတ်ပြီး တစ်ခါတလေမှာ အလေးချိန် တောင် ကျသွားနိုင်ပါတယ်။ ဒါဟာပုံမှန်ဖြစ်ပြီး ကလေးရဲ့မွေးဖွားမယ့်ကိုယ်အလေးချိန်ကို မထိခိုက်နိုင်ပါဘူး။ ကိုယ်အလေးချိန် ကျလာခြင်းဟာ မွေးဖွားခါနီးဖြစ်တဲ့အတွက် ခန္ဓာကိုယ်ထဲက ရေပမာဏတွေ လျော့သွားတာကြောင့် ဖြစ်နိုင်ပါတယ်။
အလွန်ပင်ပန်းပြီး နားပဲနားချင်နေပါလိမ့်မယ်
ဒီအဆင့်မှာ တချို့မိခင်လောင်းတွေဟာ သူတို့အတွက် ပထမဆုံး ကိုယ်ဝန်သုံးလပတ်တုန်းကလိုမျိုး ပင်ပန်းနွမ်းနယ်မှု ခံစား နေရပါလိမ့်မယ်။ အလွန်ဖောင်းကားနေတဲ့ ဗိုက်နဲ့ ဆီးသွားတဲ့အခါ အဆင်မပြေမှုတွေက ကိုယ်ဝန်ဆောင် ကာလပြီးဆုံးခါနီး အချိန်တွေမှာ ညဘက်ကောင်းကောင်း အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်ဒီလိုအချိန်တွေမှာ မိခင်တွေက အိပ်ချင်လာတဲ့အခါတိုင်း ခဏအိပ်သင့်ပါတယ်။
ကြွက်တက်တာ၊ နောက်ကျောနာတာတို့ ပိုဖြစ်တတ်ခြင်း
မွေးဖွားခါနီးလာလေ မိခင်တွေက(အထူးသဖြင့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ဖူးတဲ့သူတွေ) ကျောအောက်ဘက်နဲ့ ပေါင်ခြံတွေမှာ ကြွက်တက်တာနဲ့ နာကျင်တာတွေ ပိုခံစားရ တတ်ပါတယ်။ ဒီအချိန်မှာ တင်ပါးဆုံနဲ့ သားအိမ်မှာရှိတဲ့ ကြွက်သားတွေက မီးဖွားဖို့အတွက် ဆန့်ထွက်လာပြီး ရွေ့လျားနေတတ်ပါတယ်။
အရိုးအဆစ်တွေ ချောင်လာသလို ခံစားရခြင်း
ကိုယ်ဝန်ဆောင်ချိန်ကာလ တစ်လျှောက်မှာ “Relaxin” လို့ခေါ်တဲ့ ဟော်မုန်းက မိခင်ရဲ့ အရွတ်တွေအားလုံးကို တင်းကျပ်မှု လျော့နည်းလာစေပြီး ပျော့ပျောင်းလာစေပါတယ်။ အဲဒီလိုခံစားနေရတယ်ဆိုရင် ကြောက်ဖို့မလိုပါဘူး။ ဒါဟာ မိခင် ဗိုက်ထဲက ကလေး ချောချောမွေ့မွေ့ ထွက်လာနိုင်ဖို့အတွက် တင်ပါးဆုံပိုပြီးကျယ်လာဖို့ ကူညီပေးတဲ့ သဘာဝ နည်းလမ်း တစ်ခုပါပဲ။
ဝမ်းပျက်ခြင်း
ကလေးမွေးဖွားဖို့အတွက် တင်ပါးဆုံက ကြွက်သားတွေက အနားယူပြင်ဆင်နေသလိုပဲ စအိုအပါအဝင် ကိုယ်ကတခြား ကြွက်သားတွေကလည်းအနားယူ ပြင်ဆင်နေပါတယ်။ ဒါဟာ အူသိမ်အူမ ရွေ့လျားမှုကို အထိန်းအကွပ် လျော့နည်း စေပါတယ်။ မိခင်လောင်းတွေကို စိတ်အနှောင့်အယှက် ပေးနိုင်ပေမယ့် ဒါဟာ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ကလေးကို တွေ့ရဖို့နီးနေပြီဆိုတဲ့ လက္ခဏာဖြစ်ပြီး ကလေးမွေးပြီးတာနဲ့ ပျောက်သွားမှာပါ။
မိန်းမအင်္ဂါက ထွက်တဲ့အရည်တွေ အရောင်နဲ့အကြိမ် ပြောင်းသွားခြင်း
ပုံမှန်ဆိုရင် ကလေးမမွေးခင် ရက်အနည်းငယ်အလိုမှာ မိခင်လောင်းတွေက သူတို့ရဲ့မိန်းမ အင်္ဂါကနေ အရည်တွေ ပိုထွက်တယ်လို့ ခံစားရပြီး ခါတိုင်းထက် ပိုပျစ်နေတာကိုလည်း တွေ့ရမှာပါ။ ဒါဟာဘာကြောင့်လဲဆိုရင် သားအိမ်ကို ဖွင့်လှစ်ပေးတဲ့ အရည်အိတ်ကြောင့်ပဲ ဖြစ်ပါတယ်။ အရည်အိတ်ဟာ အရွယ်အစားကြီးမားပြီး အဖြူရောင်အနှစ်နဲ့ ပုံစံ တူပါတယ်။ တချို့အချိန်တွေမှာ အဲဒီအရည်ပျစ်တွေထဲမှာ အရောင်ဖျော့သွေးလည်းပါတတ်ပါတယ်။ အဲ့ဒါကို “bloody show” လို့ခေါ်ပြီး ကလေးမွေးဖွားဖို့အတွက် ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါပေမယ့် သားအိမ်ကျုံ့တာ၊ ချဲ့တာ ၃-၄ စင်တီမီတာ မရှိသေးသရွေ့ ကလေးကိုမီးဖွားဖို့ ရက်အနည်းငယ် လိုသေးတယ်လို့ သဘောထားနိုင်ပါတယ်။ အကယ်၍ မိန်းမအင်္ဂါ ကနေ သွေးထွက်တယ်ဆိုရင် ဒါဟာအရေးကြီးပြီး ဆရာဝန်ကိုချက်ချင်း ပြဖို့လိုပါတယ်။
ကြွက်သားတွေကျုံ့တာ ခဏခဏဖြစ်လာပြီး ပိုဆိုးလာခြင်း
ကြွက်သားတွေကျုံ့တာဟာ မီးဖွားခြင်းဖြစ်စဉ်ရဲ့ သိသာတဲ့ လက္ခဏာတွေပါပဲ။ မိခင်တွေဟာ သားအိမ်က ကြွက်သားတွေ ကျုံ့လာသလောက် နာကျင်မှုကို ခံစားရမှာပါ။ ဒါပေမယ့် တကယ့်မွေးဖွားတော့မယ်အခါ ဖြစ်တဲ့ကြွက်သားကျုံ့တာနဲ့ ရိုးရိုးကျုံ့တာတွေက မီးမဖွားခင် လေးပတ်၊ တစ်ခါတလေ လအနည်းငယ်ကြာအောင် ဖြစ်တတ်ပါတယ်။
ကြွက်သားတွေကျုံ့တာဟာ ပိုအားကောင်းလာပြီး ပိုနာကျင်လာပါတတ်ပါတယ်။
မိခင်တွေနေထိုင်ပုံ ပုံစံပြောင်းပေမယ့်လည်း နာကျင်မှုက လျော့မသွားတတ်ပါဘူး။
နာကျင်မှုက နောက်ကျောအောက်ဘက် ခါးနားကစပြီး ဝမ်းဗိုက်အောက်ပိုင်းကတဆင့် မိခင်ရဲ့ခြေထောက် တွေအထိ ပြန့်နှံ့ပါတယ်။
ကျုံ့တဲ့ဖြစ်စဉ်တွေက ခဏခဏဖြစ်တတ်ပြီး ပိုပိုပြီး နာကျင်လာကာ တစ်ခါတလေ ပုံမှန်ပေါ်လာပြီး တစ်ခါဖြစ်ရင် ၅-၇ မိနစ် အထိကြာတတ်ပါတယ်။
ရေမြွှာပေါက်ခြင်း
တချို့လူတွေက ရေမြွှာပေါက်ပြီးပြီဆိုတာနဲ့ ကလေးငယ်ထွက်လာမယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တော့ ရေမြွှာပေါက်ပြီးပြီးချင်း ကလေးမွေးတဲ့ ကိုယ်ဝန်ဆောင် အနည်းငယ်သာ ရှိပါတယ်။ ပုံမှန်အားဖြင့် ရေမြွှာပေါက်ပြီး နာရီအနည်းငယ်ကြာမှ ကလေးမွေးဖွားနိုင်လေ့ရှိပါတယ်။
ဘယ်လိုအချိန်မျိုးမှာ မိခင်တွေက ဆရာဝန်ခေါ်သင့်ပါသလဲ?
မိခင်တွေက ကလေးမွေးတော့မယ့် အဆင့်ကို ရောက်ခါနီးတဲ့အခါ သားအိမ်ကျုံ့တာ ခဏခဏ ဖြစ်နေရင် ဆရာဝန်က မိခင်တွေ ဘာလုပ်ရမလဲဆိုတာကို တိုင်ပင်ဆွေးနွေးပေး ပါလိမ့်မယ်။ သားအိမ်ကျုံ့တာက ငါးမိနစ်ခြား တစ်ခါနဲ့ တစ်နာရီ လောက်ကြာအောင် ဖြစ်နေပြီဆို မိခင်တွေအနေနဲ့ ဆရာဝန် ချက်ချင်းခေါ်ဖို့ လိုပါတယ်။ သားအိမ်ကျုံ့တာက အားလုံး အတွက် အချိန်တိုင်း မဖြစ်ပေမယ့် ခဏခဏ ဖြစ်တာတွေ ပုံမှန်ဖြစ်လာတဲ့အခါ ဆရာဝန်နဲ့ ပြဖို့လိုပါပြီ။
မိခင်က သူကလေး မီးဖွားချိန်ရောက်တော့မယ်လို့ ထင်ပေမယ့် မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘာဖြစ်တော့မယ် ဆိုတာ အကြံရယူပါ။ ရုံးချိန်ပြင်ပမှာ ဆရာဝန်ကို ဖုန်းခေါ်ဖို့မရှက်ပါနဲ့။ မကြောက်ပါနဲ့။ ဆရာဝန်တွေက ဒီလိုတွေ ဖြစ်တတ်တယ်၊ ဖြစ်တော့မယ်ဆိုတာ သိထားပြီးသား ဖြစ်ပါတယ်။
မိခင်က သွေးဆင်းနေပြီး ဒါမှမဟုတ် အနီရဲရဲ (သို့) အညိုမကျ ပန်းရောင်မကျ အချွဲတွေ ထွက်နေတယ်ဆိုရင်
ရေမြွှာပေါက်ပြီး ရေအရောင်က သံချေးစိမ်းရောင် ဖြစ်နေရင် ကလေးရဲ့ ပထမဆုံးဝမ်း အညစ်အကြေး ဖြစ်နိုင်ပါတယ်။ အဲဒါက ကလေးရဲ့ ပထမဆုံး ဝမ်းသွားတာ ဖြစ်ပြီး မွေးဖွားစဉ်မှာ အသက်ရှှုမိတဲ့အခါ ဒါမှမဟုတ် စားမိတဲ့အခါ အန္တရာယ်ရှိပါတယ်။
မိခင်ကနေ အမြင်အာရုံပြောင်းလဲတာတွေ၊ ခေါင်းကိုက်တာနဲ့ ရုတ်တရက် ဖောရောင်တာတွေ ဆိုးဆိုးရွားရွား ဖြစ်တာမျိုး ခံစားရတတ်ပြီး ဒါတွေက သွေးဖိအားများတာ ဒါမှမဟုတ် ကိုယ်ဝန်မဆောင်ခင် သွေးတိုးတာရဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။