အမ ပန်းရိပ်ဖြူရေးထားတာလေး ယူလာတာပါ။
သမီးမိန်းကလေး များကို ထိန်းကျောင်းခြင်း
ခေတ်ဘုန်းသစ်
သမီး မိန်းကလေး လို့ ဆိုလိုက်ပြီဆိုတာ နဲ့ ကျွန်မတို့ရဲ့ လူမှု၀န်းကျင် အသိုင်းဝုိင်းမှာ အားနွဲ့ရှာသူ ၊အားနည်း သူ ကလေးများ အဖြစ်မြင်လိုက်ကြတာများပါတယ်။သမီး မိန်းကလေးဟာ သားယောင်္ကျားလေး များနဲ့ သဘာ၀အားဖြင့် မတူသူမို့ အထူးတလည် ထိန်းသိမ်းစောင့်ရှောက်ဖို့ ပိုပြီးလိုတယ်လို့ လည်းထင်တတ်ကြပါတယ်။ ယောင်္ကျားလေးနဲ့ မိန်းကလေးများဟာ ရုပ်ပိုင်းဆိုင်ရာ အားဖြင့် ကွဲပြားခြားနား တာမှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ ညဏ်ရေညဏ်သွေးစတာတို့ မှာတော့ ဘယ်သူက ဘယ်သူ့ထက် ပိုသာတယ်ရယ်လို့ မရှိပါဘူး။ ထိမ်းသိမ်းစောင့်ရှောက်ပျိုးထောင်မှု၊ ပါတ်၀န်းကျင်၊ ကြိုးစားလေ့လာမှု စတာတွေပေါ်မှာ မူတည်ပြီးတော့ လူတစ်ဦးချင်းစီအလိုက် ကွာခြားသွားကြတာပါ။
သမိး မိန်းကလေး များဟာ စိတ်ပိုင်းဆိုင်ရာ အားဖြင့် နူးညံ့ပျော့ပြောင်းကြတာများပါတယ်။ ယောင်္ကျားလေးများနဲ့ မိန်းကလေးများဟာ ကစားအရွယ်လောက် ရောက်လာပြီုဆိုတာနဲ့ တစ်ပြိုင်နက်ထဲ အရုပ်ရွေးချယ်တာချင်း က အစ မတူကြတော့ပါဘူး။ ယျေဘူယျ အားဖြင့် ယောင်္ကျားလေး များက တိုက်တဲ့ခိုက်တဲ့ ကစားနည်းများကို ပိုကြိုက်ကြပေမယ့်၊ မိန်းကလေးများက တော့ အရုပ်လေးတွေ ကို အကျီ၀တ်ပေးရတာ၊ ဟင်းချက်တမ်းကစားရတာကို ပိုကြိုက်ကြတယ်။ မိန်းကလေးတွေ ဟာ မွေးကတည်းက သူတို့အနားမှာ က အဒေါ်၊ အမေ၊ အဖွား စတဲ့ သူတွေ ထမင်းဟင်းချက်နေတာ၊ သူတို့ကို အကျီင်္လဲပေး၊ ထမင်းခွံ့ပေး စသဖြင့် ပြုစုစောင့်ရှောက်နေတာ စတာတွေကို နေ့တဓူ၀ မြင်တွေ့နေရပါတယ်။ ဒီလို နေ့စဉ် မြင်တွေ့နေရတာမို့ ဒီအလုပ်တွေဟာ မိန်းကလေးရဲ့ အလုပ်တွေပဲလို့ သူတို့ရဲ့ စိတ်ထဲမှာ ထင်မြင်နေကြပါပြီ။ သုံးနှစ်ကျော်အရွယ် အတုယူ ဟန်ဆောင်တမ်း (make-believe) ကစားတတ်တဲ့ အချိန်မှာတော့ သူတို့ အမြဲမြင်တွေ့နေရတဲ့ အမေ၊အမ ၊အဒေါ်၊အဖွား စတာတွေရဲ့ လုပ်ပုံ၊ကိုင်ပုံ၊ပြောပုံ၊ ဆိုပုံတွေကို အတုခိုးပြီးတော့ ကစားတော့တာပါပဲ။
သမီးမိန်းကလေးများဟာ သူတို့မေမေရဲ့ အပြော၊အဆို၊ အပြု၊အမူ စတာတွေကို အတုခိုးပြီး တော့ ပြောဆို လုပ်ကိုင်တတ်ကြပါတယ်။ မေမေ ရုံးသွားသလိုမျိုး ပိုက်ဆံအိတ်ကြီးလွယ် ပြီးတော့ ရုံးသွားတမ်း ကစားတတ်ကြသလို၊ မေမေ အလှပြင်သလိုမျိုးလည်း သူတို့ ပြင်ချင်ကြပြန်တယ်။သမီး မိန်းကလေးများဟာ သုံးလေးငါး နှစ်အရွယ် စတင်ပြီးတော့ ဆော့ ကစားတတ်တဲ့ အရွယ်မှာပဲ ယောင်္ကျားလေးများလိုမျိုး ခုန်တာ ပေါက်တာ၊ သစ်ပင်တတ်တာတွေ လည်း ဆော့ ကစားချင်တတ်ကြပါတယ် ။ဒါပေမယ့် သူတို့ရဲ့ ပါတ်၀န်းကျင် က ဟဲ့မိန်းကလေး ..ဒီလိုမနေနဲ့ ဟိုလိုနေ ဆိုပြီးတော့ ကန့်သတ်ခြင်း၊ ကဲ့ရဲ့ခြင်း ခံကြရတဲ့ အခါမှာတော့ သူတို့ရဲ့ စိတ်ထဲမှာ စတင်ပြီး မိန်းကလေးဖြစ်ရတာကို မလွတ်လပ်၊ မလုံခြုံဘူးလို့ ခံစားလာရပါတော့တယ်။ သမီး မိန်းကလေး မှန်ရင် ငြိမ်ငြိမ်နေရမယ်၊ သားယောင်္ကျားလေးမှန်ရင် မျောက်ရှုံးအောင် ဆော့ကစားရမယ် ဆိုပြီးတော့ လှေနံဓါးထစ် တွေးကြတာ တကယ်တော့မမှန်ပါဘူး။ မိန်းကလေး.မို့လို့ ဟိုဟာ မလုပ်ရဘူး။ မိန်းကလေးမို့လို့ ဒီလိုနေ စသဖြင့် ကန့်သတ်ခြင်း ခံရခြင်း၊ နေရာတကာမှာ ကာကွယ်စောင့်ရှောက်မှု ခံရခြင်း ကြောင့် သမီးမိန်းကလေးတို့ရဲ့ စိတ်ထဲမှာ ပျော့ညံ့တဲ့စိတ်၊ အားငယ်၀မ်းနည်းတတ်တဲ့ စိတ်၊ အားကိုးလိုစိတ်တွေ ၀င်လာကြရပါတော့တယ်။
သမီးမ်ိန်းကလေး များဟာ သားယောင်္ကျာလေးများလောက် တော်ဖို့ မလိုဘူးဆိုတဲ့ အတွေးခေါ်ဟာ ဒီခေတ်မှာ မရှိတော့ဘူးလို့ ဆိုပေမယ့် ကျန်နေပါသေးတယ်။ ဒါပေမယ့် သမီးမိန်းကလေးများ ဟာ ဟိုးအရင် ခေတ်တွေကတုံးလိုမျိုး အိမ်ထဲမှာ နေလို့မရကြတော့ပါဘူး။ သမီး မိန်းကလေးများဟာ သားယောင်္ကျားလေး များလိုပဲ ပညာသင်ကြားလာရသလို၊ စီးပွားရှာတဲ့ နေရာမှာလည်း ၀င်ပါ နေကြရပြီ။ ဟိုးအရင်ခေတ်ကလို အိမ်ရှင်မ ကောင်းတစ်ယောက်ဖြစ်ရုံလောက်သာ သမီးမိန်းကလေးကို ပြုစုထိန်းကျောင်းရတဲ့ခေတ်မဟုတ်တာမို့ သမီးမိန်းကလေးတို့ရဲ့ တာ၀န်နဲ့ အရေးပါမှုဟာပိုပြီးတော့ ကြီးမားလာပါပြီ။ သမီးမိန်းကလေးတစ်ယောက်ဟာ မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့လိုအပ်သလို အနာဂါတ်လူ့အဖွဲ့စည်းအတွက် အရေးကြီးတဲ့ ခေါင်းဆောင် ကောင်း တစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ ၀န်းကျင်မှာ မိသားစုရဲ့ တာ၀န်၊ ၀တ္တရားများအားလုံးကို မိသားစုရဲ့ ခေါင်းဆောင်နေရာကနေ ၀င်ပြီးတော့ ထမ်းရွက် နေကြတဲ့ သမီး မိန်းကလေး တွေကို မြင်တွေ့နေကြရတာပါပဲ။ သမီးမိန်းကလေးများဟာ သူတို့ရဲ့ အရည်အချင်း၊ သူတို့ရဲ့ လုပ်ရေကိုင်ရေ၊ သူတိုရဲ ပညာအရေအချင်း စတာတွေကို ယောင်္ကျားလေးများနဲ့နည်းတူ ပြခွင့်ရလို့ ရနေပြီဆိုပေမယ့် မိသားစု ရဲ့ သမီးမိန်းကလေးပေါ်အမြင်၊ သမီးမိန်းကလေး အပေါ်ထားတဲ့သဘောထား စတာတွေပေါ်လိုက်ပြီးတော့ တစ်ချို့ မိန်းကလေးများခမြာ မိန်းကလေး ဖြစ်ရမှုအပေါ်ကို မကျေမနပ် ဖြစ်လာကြရပါတယ်။
သမီးမိန်းကလေးများနဲ့ ကိုယ့်ကိုယ့်ကို အကောင်းမြင်နိုင်မှု
သမီးမိန်းကလေးများဟာ သူတို့ရဲ့ မိန်းမဖြစ်ရမှုကို မုန်းတီးစရာ ရယ်လို့ မထင်မိဖို့ အရေးကြီးလှပါတယ်။ မိဘများအနေနဲ့ နေရာတကာမှာ အစိုးရိမ်လွန်ပြီးတော့ ကာကွယ်စောင့်ရှောက် နေခြင်းဟာ သမီးမိန်းကလေးများရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ စိတ်ကို လျော့နည်းသွားစေပါတယ်။ သမီး မိန်းကလေးများဟာ အိမ်ရဲ့ တာ၀န် (အိမ်အလုပ်ကို ) တွေကို လုပ်ကိုင်ရမယ်၊ သားယောင်္ကျားလေးများကတော့ ယောင်္ကျားလေးသာမို့ အိမ်(မီးဖိုချောင် အလုပ်) ကို ဘာဆိုဘာမှ လုပ်စရာ မလိုဘူး ရယ်လို့ ခွဲခြားဆက်ဆံခြင်း ဟာ သမီးမိန်းကလေးများရဲ့ ကိုယ့်ကိုကိုယ်အကောင်းမြင်စိတ်ကို လျှော့နည်းသွားအောင်လို့ လုပ်လိုက်ခြင်းပါပဲ။ တကယ်တော့ သမီးမိန်းကလေးရော သားယောင်္ကျားလေးများကိုကါ အိမ်အလုပ် အိမ်ရဲ့ တာ၀န်ကို ခွဲဝေခိုင်းရမှာပါ။ ကျွန်မတို့ ရဲ့ လူမှု ၀န်းကျင်များမှာ မိန်းကလေးတာ၀န်၊ ဒါမိန်းကလေး အလုပ်ဆိုပြီးတော့ တစ်ချို့ မိဘများက သမီး မိန်းကလေးများကို ပဲ ခိုင်းတတ်ကြပါတယ်။ သမီး မိန်းကလေး က မီးဖိုထဲမှာ ချက်ပြုတ်လုပ်ကိုင် ၊ တစ်အိမ်လုံး စားထားသမျှ ပန်းကန်တွေကို ဆေးကြောနေတဲ့ အချိန်မှာ သားယောင်္ကျားလေးများကတော့ သူငယ်ချင်း အပေါင်းသင်းများနဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတတ်ကြပါတယ်။အဲဒီလိုမျိုး မောင်များ၊ အကို များနဲ့ ခွဲခြားပြီးတော့ ဆက်ဆံခံရခြင်းကြောင့် သမီး မိန်းကလေးများဟာ သူတို့ရဲ့ မိန်းမဖြစ်ရမှုကို မုန်းတီးလာပါတော့တယ်။ ဒါကြောင့်မို့လို့ မီးဖိုချောင်ထဲက ပန်းကန်ဆေးတဲ့ ကိစ္စအပါအ၀င် အိမ်အလုပ်၊ အိမ်ရဲ့တာ၀န်များကို ခိုင်းစေတဲ့အခါမှာ မိဘများအနေနဲ့ သမီးမိန်းကလေးများကို ရော၊ သားယောင်္ကျားလေး များကိုပါ ညီတူညီမျှ ခိုင်စေ သတ်မှတ်ဖို့ လိုပါတယ်။
သမီးမိန်းကလေးများနဲ့ကိုယ်ကိုယ်ကို ကာကွယ်တားဆီးနိုင်မှု
သမီးမိန်းကလေးများ ဟာ ကိုမွေးထားတဲ့ မေမေများ အနေနဲ့ မိန်းကလေးများ သိသင့်သိထိုက်တဲ့ ကိစ္စမှန်သမျှကို သူ့အရွယ်နဲ့ သူ သင်ကြားပေးထားဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်စောင့််ရှောက်ရမယ် ဆိုတဲ့ အကြောင်းကို ကလေး အရွယ် နဲ့ လိုက်ပြီးတော့ နားလည်အောင် သင်ကြား ထားဖို့လိုပါတယ်။ မိန်းမတို့ရဲ့ ဓမတာ ကိစ္စမျိုးကအစ၊ ယောင်္ကျားလေးနဲ့ မိန်းကလေး တို့ရဲ့ ကွားခြား တဲ့ ခနာ ဖွဲ့စည်းပုံအကြောင်း၊ မိန်းမတို့ရဲ့ သားမွေးဖွားမှုတာ၀န် စတာတွေကို ဆယ်ကျော်သက် ကာလ (ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်) လောက်မှာကတည်းက သူတို့သိသင့်သလောက် သင်ကြားထားဖို့လိုပါတယ်။ ကျွန်မတို့ ဆီမှာ တော့ အပျိုလေးတွေ သိဖို့ မလိုဘူး ၊ရှက်စရာကိစ္စတွေ စသဖြင့် ဖုံးကြဖိကြတာတွေ များလွန်းတာမို့ အရွယ်မတိုင်မှီ မဖြစ်သင့် မဖြစ်ထိုက်တာတွေ ဖြစ်ကုန်ကြတာများပါတယ်။ လိင်ပညာပေးဟာ သမီးနဲ့ အမေ ကြားမှာ မပြောအပ်တဲ့ အရာ မဟုတ်ပါဘူး။ အမေတစ်ယောက်အနေနဲ့ သမီးဖြစ်သူ သိသင့် သိထိုက်သလောက်ကို အသိပေး၊သင်ကြားပေးကြရမှာပါ။
မိန်းကလေးများနဲ့ စ်ိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု စွမ်းရည်
သမီးမိန်းကလေး အများစု ဟာ စိတ်ဆိုးလွယ်၊ စိတ်ကောက်လွယ် တတ်ကြတယ် လို့ ဆိုပါတယ်။ တစ်ချို့ကတော့ မိန်းကလေးပဲ ရယ်လို့ အိမ်က မိဘများက အလိုလိုက် ထားကြတာမို့ စိတ်ဆိုး၊ စိတ်ကောက်ရတာကို အကျင့်တစ်ခု ဖြစ်လို့ နေတတ်ကြပါတယ်။ ကိုယ့်အိမ်မှာမဟုတ်ဘဲ လုပ်ငန်းခွင် ထဲကို ၀င်ကြရတဲ့ အခါမှာတော့ သေးသေးလေးက အစ လိုက်ပြီးတော့ မြင်တတ်တာ၊ သဘောထားသေး တာ၊ စိတ်ဆိုး ၊ စိတ်ကောက်လွယ်တာတွေဟာ လုပ်ငန်းခွင်နဲ့ ကိုယ့်ကိုယ့်ကိုပါ ထိခိုက်လာစေပါတော့တယ်။
ဒါကြောင့်မို့ လို့ မိဘများ အနေနဲ့ ဟိုးငယ်စဉ်ကတည်း က ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ညဏ်စွမ်းရည်ကို မြင့်တတ်အောင်လို့ လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက် တစ်ဖက် တည်း ကို ပဲ မကြည့်ဘဲနဲ့ သူများတစ်ဖက်ကို ပါကြည့်တတ်အောင်၊ စာနာ နားလည်တတ်အောင်၊ ရင့်ကျက်လိမ်မာအောင်လို့ သင်ကြားပေးထားဖို့လိုပါတယ်။
သူလုပ်ချင်ရာလုပ်ပါစေ
သမီး မိန်းကလေးမွေးထားတဲ့ တစ်ချို့မိဘများဟာ ဒါကတော့ မိန်းကလေး အလုပ်၊ ဒါကတော ယောင်္ကျားလေး အလုပ် စသဖြင့် လိုက်ပြီးတော့ ခွဲခြားထားလေ့ရှိပါတယ်။ မိန်းကလေးက တူတွေ၊ ဂွတွေနဲ့ ကစားရင်၊ ကိုင်ရင်ဖြင့် မိန်းကလေး ကိုင် စရာ လား ၊ ကစားစရာ လားဆိုပြီးတော့ လိုက်တားတတ်ကြပါသေး တယ်။ ဒါအင်မတန် မှားယွင်းတဲ့ ထိန်းကျောင်းနည်းပါ။ မိန်းကလေး က တူတွေ၊ ပလာယာတွေနဲ့ ပဲ ကစားကစား၊ ယောင်္ကျားလေးက ချက်တမ်းပြုတ်တမ်း ပဲဆော့ဆော့ သူတို့ လုပ်ချင်ရာကို (အနာရယ်မရှိဘူး ဆိုရင်ဖြင့်) လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးရပါမယ်။
သမီးမိန်းကလေးများရဲ့ ကိစ္စဟာ ကလေးမွေးယုံ၊ အိမ်မှာတင် အိမ်မှုတာ၀န်များကို ထမ်းဆောင်ရုံ၊ အလှပြင်ရုံ သက်သက် မဟုတ်သေးပါဘူး သားယောင်္ကျားလေးများနဲ့တန်းတူ တစ်ချိန်ချိန်မှာ အနာဂါတ်လူ့ အဖွဲ့စည်းရဲ့ နိုင်ငံခေါင်းဆောင်၊ ကမ္ဘာခေါင်းဆောင်လည်း ဖြစ်နိုင်ပါတယ် ။ ရှေးရှေးက ကြော်ကြားထင်ရှားသူ အမျိုးသမီးများရဲ့ အကြောင်း၊ အမျိုးသမီးများရဲ့ အထုပတ္တိ၊ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် အမျိုးသမီးများ အကြောင်းကို လည်း သမီးလေးတို့ကို မေမေ၊ ဖေဖေတို့က ပြောပြဖို့လိုပါတယ်။ သမီး မိန်းကလေးမို့လို့ ဒီလောက်နဲ့ ပဲ တော်ပါပြီ ..ဆိုတဲ့ အတွေးကို မိသားစု၀င်တိုင်း မတွေးမိဖို့လိုပါတယ်။ သမီးမိန်းကလေး ဆိုတာထက် လူသားတစ်ယောက် အနေနဲ့ သမီး မိန်းကလေး တို့ိ့ု ကို ပြုစုစောင့်ရှောက်ထိန်းကျောင်းနိုင်မယ် ဆိုရင်တော့ သူတို့ရဲ့ စွမ်းရည်၊ညဏ်ရေတွေကို အတားအဆီး အကန့်သတ်မရှိ အသုံးပြုနိုင်ကြမှာပါ။ ဒါဆိုရင်ဖြင့် လူ့အဖွဲ့စည်း အတွက်၊ လူ့လောက အတွက် ၊နိုင်ငံအတွက် တန်ဖိုးရှိတဲ့၊ အသုံး၀င်တဲ့ ခေါင်းဆောင်နိုင်တဲ့ ၊ စိတ်ရည်၊ ညဏ်ရေ မြင့်တဲ့ မိန်းမတော်တွေ ကို နေရာစုံ၊ နယ်ပယ်စုံမှာ ဒီထက်မက အများကြီး ကျွန်မတို့ မြင်တွေ့ကြရဦးမှာပါပဲ။ အားကိုးလွယ်၊ အားငယ်လွယ်၊ ငိုလွယ် ၊ စိတ်ကောက်လွယ်တဲ့ မိန်းကလေး အဖြစ် သမီးမိန်းကလေး တို့ကို ကြီးစေမလား၊ ကိုယ့်အားကိုယ်ကိုး တတ်တဲ့၊ စိတ်နေရင့်ကျက်တဲ့၊ ကိုယ့်စွမ်းကိုယ်စ ကို ယုံကြည်တဲ့ သမီးမိန်းကလေး အဖြစ် သမီးလေးတို့ကို ကြီးစေ မလား ဆိုတာကတော့ သမီးမိန်းကလေး တို့ ကြီးထွားရာ ပါတ်၀န်းကျင် မိဘဆွေ မျိုးများ နဲ့ သာသတ်ဆိုင်ပါတယ်။ လူ့လောက အတွက်အသုံး၀င်တဲ့ လူသား တစ်ယောက် အဖြစ် သမီးမိန်းကလေးတို့ကိုကြီးပြင်းစေဖို့ အတွက် ကျွန်မတို့ ကြိုးစားကြဖို့ သာ လိုတာပါ။
ခေတ်ဘုန်းသစ်