ကျွန်မကလေး ခေါင်းချွေးအရမ်းထွက်လို့
ကျွန်မကလေး ကျောပူခေါင်းပူနေလို့
********************************
ကလေးခေါင်းချွေး ကိုယ်ချွေး အထွက်များတယ်လို့ထင်ရင် (သို့မဟုတ်) ခေါင်းပူ ကျောပူတယ်ထင်ရင်
**ပထမဆုံး ကိုယ်ပူချိန်တိုင်းကြည့်ပါ။**
(၁) အဖျားရှိရင် အခြားစိုးရိမ်ဖွယ်များရှိမရှိစစ်ဆေးပါ။
ဥပမာ -ချောင်းပြင်းထန်စွာဆိုး၊ အရေပြားအနီစက်ထွက်၊ ဝမ်းလျှော ဝမ်းပျက်၊ ငိုပြီး ထိုးအန်၊ အသက်ရှူမြန်ပြီး ဆီးထွက်နည်းလို့ နို့နဲ့ အစာမဝင်တဲ့ လက္ခဏာများရှိရင် ဆေးခန်း ဆေးရုံ ခေါ်သွားပါ။
(၂) အဖျားမရှိရင် အောက်ပါအချက်များ လုပ်ကြည့်ပါ။
ကလေး သိပ်ပူအိုက်နေလားစစ်ပါ။ အနှီး၊အင်္ကျီ နဲ့ စောင်အထပ်ထပ်ကို လိုတာထက် ပတ်ထားမိရင် ကလေးအိုက်မှာပါ။ ချည်သား၊ နိုင်လွန်သား၊ သိုးမွှေးထည် စတဲ့ ပိတ်သားအမျိုးမျိုးကို ရာသီဥတုနဲ့ လိုက်လျောညီအောင် ဝတ်ဆင်ပေးပါ။ အထူးသဖြင့် ပူပြင်းစွတ်စိုတဲ့ ရာသီဥတုမှာ ကလေးအိပ်ရာထဲ အဝတ်ထူနဲ့ စောင်များစွာထည့်ထားရင် ချွေးထွက်လွန်နိုင်ပါတယ်။ လေဝင်လေထွက်မရှိဘဲ ပိတ်လှောင်မွန်းနေတဲ့ အခန်းထဲ၊ အိမ်ထဲနေရင် ခေါင်းပူကျောပူပြီး ချွေးထွက်များနိုင်ပါတယ်
(၃) ရာသီဥတုနဲ့ လိုက်လျောညီထွေစွာ ဝတ်ဆင်လျက် အဲကွန်း၊ ပန်ကာဖွင့်ထားလျက် *နေ့စဉ်ရက်စက်* ချွေးထွက်လွန်းပြီး
-ကလေး ကိုယ်အလေးချိန် မတက်လျှင်၊ တက်တာ နှေးလျှင်
-ကလေးဖြူပတ်ဖြူလျော်ဖြစ်လျှင်
-ဖွံဖြိုးမှု နောက်ကျလျှင်
-လမ်းလျှောက်တတ်စအရွယ် မောပန်းလွယ်လျှင်
-မိခင်က ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ် အစားရှောင်လွန်းလျှင်
-မိခင်က ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ် သံဓာတ်အားနည်းသော ရောဂါရှိလျှင်
ကလေးဆရာဝန်နှင့်စစ်ဆေးပါ။ ကလေးဆရာဝန်က စမ်းသပ်စစ်ဆေးပြီး အရေးကြီးသော ရောဂါအချို့ရှိမရှိ ရှာဖွေပေးလိမ့်မည်။
=========================
ကလေးနဲ့ ချွေး အကြောင်း အခြေခံကျကျ လေ့လာရအောင်။
ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်အတွင်းမှ ပိုနေသော အပူဓာတ်ကို ခန္ဓာကိုယ်ပြင်ပကို ထုတ်ပေးတဲ့ *ပုံမှန်* ဖြစ်စဉ်ပါ။
ကလေးနို့စို့ချိန် ငိုချိန် အဖျားကြီးချိန်နဲ့ အားစိုက်ထုတ်ရချိန်တွေမှာ ခန္ဓာကိုယ်က အပူဓာတ် အပို ထုတ်ပါတယ်။ ချွေးအိတ်လေးတွေက ကိုယ်တွင်းမှာ ပိုလာတဲ့ အပူချိန်ကို ချွေးစက်လေးများအဖြစ် ကိုယ်ခန္ဓာပြင်ပကို ထုတ်လိုက်ပါတယ်။
ကလေးရဲ့ခေါင်းမှာ ချွေးအိတ်ကလေးတွေက ပုံမှန်မှာ အများကြီးရှိပါတယ်။ လူကြီးတွေက အိပ်ရင် ဟိုဘက်လှည့် ဒီဘက်လှည့်နိုင်ပေမယ့် နို့တိုက် ကလေးတွေက မလှည့်နိုင်တဲ့အတွက် ထွက်နေတဲ့ချွေးက အငွေ့မပျံနိုင်ဘဲ ခေါင်းပေါ်မှာ စိုရွှဲနေတာ သဘာဝပါ။
ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ စိုးရိမ်ဖွယ်ရာများကို စစ်ဆေးပါ။ စိုးရိမ်ဖွယ် မရှိရင် ကျောပူ ခေါင်းပူ ချွေးထွက်လွန်သူ ကလေးများဟာ ပုံမှန်ကျန်းမာသူများပါပဲလို့ မိဘများ စိတ်အေးအောင် ပြောပြလိုပါတယ်။
crd: #childhealthmyanmar