ကျွန်မကလေး လေထိုးနေလို့
===*===*===*===*===
တစ်ကမ္ဘာလုံးမှ မိခင်သစ် ဖခင်သစ်များ ကြုံတွေ့ စိတ်ပူရသော ပြဿနာတစ်ခုဖြစ်သည်။ ကလေး ၃ ယောက်တွင် တစ်ယောက်ဖြစ်သည်။ ၂ ပတ်သားမှ ၄ လသားလောက်တွင် အဖြစ်များသည်။ တစ်ခါဖြစ်လျှင် ရက်အနညိးငယ်အတွင်းကောင်းသွားသော်လည်း အချို့တွင် ၃ ပတ်လောက်ထိ ကြာတတ်သည်။
သား လေထိုးနေလို့ သမီးလေထိုးနေတယ်လို့ မပြောတတ်သော မွေးကင်းစမှ ၁ နှစ်ထိ ကလေးငယ်များကို မေမေဖေဖေက ဘယ်အချိန်တွင် လေထိုးနေတယ် လေအောင့်နေတယ်လို့စိုးရိမ်ပါသနည်း။
ကလေးငိုတာ သဘာဝဖြစ်သော်လည်း လေထိုးလျှင် ၃ နာရီလောက်ထိ မနားတမ်း ငိုနိုင်သည်။ နေ့လည်ခင်း ညနေစောင်းတွင် အဖြစ်များသည်။ တစ်ပတ် ၃ ရက်လောက်ငိုသည်။ လက်သီးဆုတ်ပြပြီး ခြေထောက်များ ကွေးပြီး ဗိုက်နာနေတယ်လို့ ပြောပြသည်။ အသားညှစ်ခြင်းကလည်း လေထိုးလို့ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု အဆိုပြုကြသည်။
ကလေး၏ အူနှင့် အစာခြေလမ်းကြောင်းက အစာခြေရာမှ ထွက်လာသော လေကို ချောမွေ့စွာ အပြင်မထုတ်နိုင်သေး၍ လေက အူကို တင်းနာစေနိုင်သည်။ မစိုးရိမ်ပါနှင့်လို့ ပြောလျှင်လည်း မိဘမေတ္တာနှင့် စိုးရိမ်နေကြအုံးမည်ကို သိသည်။ အချိန်တန်၍ ၆လ ၁ နှစ် အရွယ်ရောက်လျှင် အလိုလို ကောင်းသွားမည်။
များသော အားဖြင့် နို့တိုက်မိခင်များသည် မိသားစု၏ အပြစ်တင်ခြင်း ခံရသော်လည်း ကလေး လေထိုးခြင်းက မိခင် စားသော အစာနှင့် မဆိုင်ပါ။ တခါတရံ ကလေး ငိုလွန်းအားကြီး၍ မိဘများ စိတ်ဖိစီးမှု လွန်ကဲပြီး နားမလည်သော ကလေးငယ်လေးကို ရိုက်နှက်သည် အထိ ဖြစ်နိုင်သည်။ သတိမူကြဖို့ အလွန်အရေးကြီးသည်။
မိဘများ ဘာလုပ်ပေးနိုင်မည်နည်း။
၁/ ဖြစ်နိုင်လျှင် အရှေ့တိုင်းရင်းဆေး အနောက်တိုင်းဆေးများကို ငယ်လွန်းသော ကလေးတွင် မစမ်းသပ်စေလိုပါ။ လေထိုးခြင်းက သဘာဝထဲမှ သဘာဝတစ်ခုဖြစ်၍ သဘာဝကုနည်းများက အကောင်းဆုံးဖြစ်သည်။
၂/ ကလေးငိုလွန်းသောအခါ ဗိုက်ဆာလို့ အထီးကျန်လို့ ကြောက်လို့ ပင်ပန်းပြီး အိပ်ချင်လို့ သေးစိုလို့ နေမကောင်းလို့ စသော လို့ မျိုးစုံဖြစ်နိုင်၍ ထိုအချက်များ ရှိလေမလား အရင် စစ်ကြည့်ပါ။
၃/ မိခင်နို့တိုက်လျှင် ရှေ့ကအရင် ထွက်သော နို့ရည်ကို ညှစ်ထုတ်ပြီးမှတိုက်ပါ။ လေထိုးသောကလေးများအတွက် သုတေသန လုပ်သူများက အကြံပြုခြင်းဖြစ်ပါသည်။
၄/ နို့တိုက်ပြီး နို့တိုက်နေစဉ် လေမှန်မှန်ထုတ်ပေးပါ။
၅/ လွန်ကဲစွာ ငိုနေချိန် ချိုလိမ်ပေးစုပ်ကြည့်ပါ။
၆/ လွန်ကဲစွာ ငိုနေချိန် အိမ်ပြင်သို့ ချီသွား၍ (သို့) တွန်းလှည်းလေးနှင့် လမ်းတစ်ပတ်လောက် လျှောက်လိုက်ပါ။
၇/ သီချင်းအေးအေးလေးဆို၍ ပွေ့ဖက်ပေးပါ။ နာကျင်မှုကို သက်သာစေနိုင်ပါသည်။
၈/ ရေနွေးနွေးလေးနှင့် ရေချိုးပေးလိုက်ပါ။ နာကျင်မှုကို သက်သာစေနိုင်ပါသည်။
၉/ သံလွင်ဆီလေးလူး၍ တစ်ကိုယ်လုံး ဖွဖွလေး နှိပ်နယ်ပေးလိုက်ပါ။ နာကျင်မှုကို သက်သာစေနိုင်ပါသည်။
၁၀/ တခါတရံ ၁၀-၁၅ မိနစ် ပေးငိုလိုက်ခြင်းဖြင့် အလိုလို သက်သာချိန်ကို ရောက်နိုင်ပါသည်။
မှတ်ချက် (၁) လေထိုးရုံမက ဝမ်းစိမ်းအသွားများပြီး ကြီးထွားမှု နှောင့်နှေးနေပါလျှင် မိခင်နို့တွင် အနည်းငယ်ပါသော/ နို့မှုန့်တွင် အသင့်အတင့်ပါသော lactose ဟုခေါ်သည့် သကြားတစ်မျိုးကို ကလေး မချေဖျက်နိုင်တာ ဖြစ်နိုင်၍ lactose free formula လိုပါမည်။
မှတ်ချက် (၂) အမေရိကန်နှင့် သြစတေးလျ နိုင်ငံက ကလေးဆေးရုံများတွင် ကလေးလေထိုးခြင်းကို Air X အစရှိသော လေဆေးများ ပေးသင့် မပေးသင့် သုတေသန လုပ်ရာတွင်ပေးလို့ အကျိုးရှိကြောင်း မတွေ့ရသေးပါ။
*** ကလေးလေထိုးခြင်းသည် ကလေး၏ ကြီးထွားဖွံဖြိုးမှုနှင့် ဉာဏ်ရည်ကို မထိခိုက်နိုင်ပါ။ ကလေးလေထိုးခြင်းက မိခင် အစားမှား၍ မဟုတ်ပါ။ ငိုလွန်းသော ကလေးကြောင့် စိတ်ဖိစီးမှုများလွန်းလျှင် ကလေးကို နာကျင်အောင်မလုပ်မိစေဖို့ သတိပြုပါ။ ***
Reference: Patient Education by John Murtagh, RCH guidelines, Photo Credits to Google
#နေနေမိုးဆွေ ( Child Health Myanmar)
#naynaymoeswe