တစ်ခါတလေ မေ့တတ်တာတေွရှိတယ်။ ဥပမာ ခရီးသွားတဲ့အခါမှာ ဆေးကတ်ကျန်ခဲ့တာတေွ ဖြစ်တတ်တယ်ပေါ့။ အဲလိုမဖြစ်အောင်တော့ သတိထားရမယ်ပေါ့။ တကယ်လို့ မေ့သွားခဲ့ရင်တော့ တစ်လုံးတလေ မေ့တာသည် ပြဿနာမရှိဘူး။ ဆိုပါစို့ ခရီးထွက်သွားတယ်။
ဆေးကတ်ကျန်ခဲ့ရင် နောက်နေ့ အိမ်ပြန်ရောက်ရင် သိသိချင်း တစ်လုံးသောက်၊ ကိုယ်က ညမှာ သောက်နေကျဆို ညမှာ တစ်လုံးထပ်သောက် အဲဒီနေ့မှာ သူသည် ၂ လုံးသောက်တာ ဖြစ်ချင်ဖြစ်သွားမယ်။ ဖြစ်ပလေ့စေ ပြဿနာမရှိဘူး။ ဒါပေမဲ့ ၂ လုံးဆိုရင်တော့ ပြဿနာရှိလာပြီ။ ၂ လုံး ၃ လုံးသည် ဘယ်အခါမှာ ဖြစ်တတ်သလဲဆိုရင် ဆေးကတ်ကုန်သွားပြီး တစ်ကတ်ကနေ နောက်တစ်ကတ် အကူးမှာ စျေးမသွားဖြစ်လို့ ဆေးကတ်မဝယ်ဖြစ်ဘဲ သုံးရက်လောက် ပြတ်သွားတယ်ဆိုရင်တော့ စိတ်မချရတော့ဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ဆေးကတ်မှာ ရ လုံးတန်းလေး ၄ တန်းပါတယ်။ အဲဒီ ၄ တန်းမှာနောက်ဆုံးတန်းက အရွယ်မတူ အရောင်မတူတဲ့ ဆေးလုံးလေး ရ လုံးပါတယ်။ အဲဒီ ရ လုံးက တကယ်တော့ ဟော်မုန်းမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဆေးသောက်တဲ့ ရက်မေ့သွားမှာစိုးလို့ အစားထိုးထည့်ထားတဲ့ အားဆေးလေးတေွဆိုတော့ အဲဒီ ရ ရက်က ဖြတ်ထားပြီးသားကို နောက်ထပ် ၃ ရက်ပါလွတ်သွားရင် ၁၀ ရက် ဟော်မုန်းမပါဘူးဆိုရင် သားဥကြေွဖို့က များသွားပြီ။ အဲဒီတော့ ဆေးကတ်တစ်ကတ်အပြီးနဲ့ နောက်တစ်ကတ်အစမှာ မေ့ရင် ပိုဆိုးပါတယ်။ အဲဒီရက်မျိုးမှာ မမေ့ရပါဘူး။
တကယ်လို့ အဲဒီလိုမျိုး ၃ ရက်လွတ်သွားရင် ဆေးကတ်အစကနေ ပြန်သောက်ပြီး ပထမ ရ ရက်ကို ကွန်ဒုံးသုံးပြီး နေရပါမယ်။ နောက်တစ်ခုကတော့ တတိယတန်းပေါ့။ အရောင်မတူ အရွယ်မတူတဲ့ နောက်ဆုံးအတန်းကိုမရောက်ခင် တတိယတန်းမှာ မေ့ပြီဆိုရင်လည်း အတူတူပါပဲ။ အရောင်မတူ အရွယ်မတူတဲ့ ဆေးတန်းလေးရဲ့ နောက်ဘက်မှာ မေ့ရင်လည်း ဖြစ်တတ်သလို သူ့ရဲ့ရေှ့ဘက်မှာ မေ့ရင်လည်း အတူတူပါပဲ။ တတိယတန်းမှာမေ့ရင်လည်း အဲဒီကျန်နေတဲ့ဆေးတေွကို ထားလိုက်ပါ။ ထားလိုက်ပြီး ဆေးကတ်အသစ်ကနေ ပြန်စသောက်လိုက်ပါ။ အဲဒီအခါကျတော့ ရာသီလာမယ့်ရက်က လာနေကျရက်မဟုတ်ဘဲ ရေွ့သွားနိုင်တယ်။ နောက်ဆုံးအတန်း အရောင်မတူ ပုံစံမတူ အတန်းမှာ ၃ လုံးမြောက်လောက်မှာ ရာသီကစလာတာဆိုတော့ ဆေးကတ်ကို အသစ်က ပြန်စသောက်လိုက်တော့ ရာသီလာတဲ့ရက်ကတော့ ရေွ့သွားမှာပေါ့။
အဲဒီတော့ ဆေးကတ်ကို မမေ့မလျော့သောက်ဖို့ရယ်။ ဆေးကတ်ရဲ့အဆုံးနားမှာက ပိုပြီးတော့ အရေးကြီးတယ်ဆိုတဲ့အတွက်ကြောင့် စနစ်တကျသောက်သုံးဖို့ လိုပါတယ်။
ဒေါက်တာမြသီတာ (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)
Ref: မေ့ရင်သေွးမဂ္ဂဇင်း