ကိုယ်ဝန်ဆောင်စဥ် ဖျားနာခြင်းက ကလေးကိုများ ထိခိုက်မှာလား? ??
မေမေတို့ရေ ဆေးခန်းတွေမှာ မေမေတို့ ကိုယ်ဝန်သည်တွေ ဖျားတဲ့အခါ စိုးရိမ်တကြီး မေးတာကတော့ ဒီ အဖျားကြောင့် ကလေးကိုများ ထိခိုက်နိုင်လား ဆိုတဲ့ မေးခွန်းပါပဲ။
📌📌အဖျားက ကလေးကို ဘယ်လို သက်ရောက်နိုင်လဲ။
လေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ရဲ့ ပထမ သုံးလမှာ မေမေတို့ ဖျားမယ်ဆိုရင် ကလေးလေးဟာ မွေးရာပါ နှလုံးရောဂါနဲ့ မေးရိုးနဲ့ ဆိုင်တဲ့ ရောဂါတွေ ချို့ယွင်းချက်တွေ ပါလာတတ်ပါတယ်တဲ့။
ဒါကြောင့် ကိုယ်ဝန်ရဲ့ ပထမ သုံးလမှာ မဖျားနာအောင် အနေအထိုင် ဆင်ခြင်ရမယ်။
ဖျားလာတယ် ကိုယ်အပူချိန် 102 ထက် ပိုများလာခဲ့ရင် နည်းလမ်းမှန်မှန်နဲ့ လျင်လျင်မြန်မြန် ကုသရပါမယ်။ ဒီလို မှန်ကန် လျင်မြန်စွာ ကုသခြင်းက ကလေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါလိမ့်မယ်။
📌📌အဖျားကြောင့် ကိုယ်ဝန် ပျက်ကျနိုင်လား။
လေ့လာ တွေ့ရှိချက်တွေအရ ဖျားတာကြောင့်တော့ ကိုယ်ဝန် ပျက်မကျနိုင်ပါဘူးတဲ့။ သို့သော် ဖျားတာဟာ ရောဂါပိုး ဝင်တဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ရောဂါပိုး ဝင်တာကြောင့်တော့ ကိုယ်ဝန်ဟာ ပျက်ကျနိုင်ပါတယ်။
ဒါ့ကြောင့် ဖျားတာဟာ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုတော့လဲ ဖြစ်နိုင်ပါတယ်။
📌📌ဘာလို့ ဖျားရတာလဲ။
ဖျားနာခြင်းရဲ့ အကြောင်း အများစုကတော့ ဆီးလမ်းကြောင်းက ပိုးဝင်တာနဲ့ အသက်ရှုလမ်းကြောင်းက ပိုးဝင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ သို့သော် တခြား အကြောင်းတွေလဲ ရှိသေးတာပေါ့။ ဒါတွေကတော့
Pneumonia အဆုတ်ရောင် ရောဂါ
influenza ရာသီဖျားတွေ
Tonsillitis အာသီးရောင်ရမ်းပြီးဖျားတာ
Typhoid နဲ့ ဝမ်းရောဂါပိုးတွေ ကြောင့် ဖျားတာ တွေပဲ ဖြစ်ပါတယ်။
📌📌📌ကုသမှု။
မေမေတို့ ဘာကြောင့် ဖျားရသလဲ ဆိုတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ဆရာဝန်က ဆေးပေးတာ ကွာသွားပါလိမ့်မယ် မေမေတို့ရေ။ ဖျားရတဲ့ အကြောင်းအရင်းကို အရင်ဦးစွာ ရှာရမယ်။ အကြောင်းအရင်းကို မူတည်ပြီး ပေးတဲ့ ဆေးလဲ ကွာခြားပါလိမ့်မယ်။
📌📌📌ပိုးသတ်ဆေးတွေ သောက်ရမှာလား။
အကယ်၍ မေမေတို့ ဖျားရတဲ့ အကြောင်းအရင်းဟာ ဘက်တီးရီးယား ပိုးမွှား တစ်ခုခုကြောင့်လို့ ယူဆရင်တော့ ဆရာဝန်က ပိုးသတ်ဆေး ပေးမှာပါ။ ဆရာဝန်နဲ့ ကျန်းမာရေး စောင့်ရှောက်သူတွေဟာ မေမေတို့ကို ပိုးသတ်ဆေး ပေးဖို့ ဆုံးဖြတ်တဲ့အခါမှာ မေမေတို့ ကိုယ်ဝန်လေးတွေနဲ့ တည့်တဲ့ ဆေးကိုသာ ရွေးချယ်ပေးရပါတယ်။
ဒါ့အပြင် ပိုးသတ်ဆေး မပေးခင်မှာလဲ သုံးသင့်ရဲ့လား ဆိုတာလဲ သေချာ ပြန်တွေးပေးသလို Do No Harm ဆိုတဲ့ ဆရာဝန် လက်စွဲဆောင်ပုဒ်နဲ့အညီ ဘေးဥပါဒ် မဖြစ်ရေးကိုလဲ ဦးစားပေး စဥ်းစားရပါတယ်။
📌📌📌ကိုယ့်ဘာသာ ကိုယ်ရော ဆေးတွေ ဝယ်သောက်လို့ရလား။
တခြားနိုင်ငံတွေရဲ့ စာတမ်းတွေ အရတော့ ပါရာစီတမောကို ခွင့်ပြုထားတာ တွေ့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့တော့ မိမိဘာသာ ဝယ်မသောက်စေချင်ဘူး။
အရင်ဆုံးက ဆေးဆိုင်မှာ ဆေးသွားဝယ်ရင် ကိုယ်က ပါရာစီတမော သွားဝယ်ရင်တောင် သူတို့က ဆေးစပ်ပေးချင်တယ်။ ထည့်ချင်ရာ ထည့်ထားတဲ့ စပ်ဆေးဟာ သိပ်ကြောက်စရာ ကောင်းပါတယ်။
နောက်တစ်ခုက မြန်မာဆေး အမည်ခံ အမှုန့်တွေပါ။ အတော်များများမှာ မြန်မာဆေး အမည်ခံပြီး အင်္ဂလိပ်ဆေး ရက်လွန်တွေ၊ Prednisolone လို ဆေးတွေကို ကြိတ်ထားတာ တွေ့ရတယ်။ အန္တရာယ် ရှိပါတယ်။
နောက်တစ်ခုက ဆေးဆိုင်ဖွင့်ထားတဲ့ သူဟာ ဆေးဝါးကျွမ်းကျင်တက္ကသိုလ်ဆင်း မဟုတ်သလို ကွမ်းယာဆိုင်ကတောင် ဆေးရောင်းနေတာပါ။ မှားပြီး ပေးတတ်ပါတယ်။
ဒါ့ကြောင့် မိမိဘာသာ မိမိ ဆေး ဝယ် မသောက် စေချင်ပါဘူး။
ကိုယ်အလေးချိန် လျော့တဲ့ ကလေးတွေမွေးတာ၊ ကလေး အသေတွေ မွေးတာ၊ ခြေလက်အင်္ဂါ မစုံတဲ့ ကလေးတွေ မွေးတာမျိုး ဖြစ်တတ်ပါတယ်။ ဂရုစိုက်စရာပါ။
📌📌📌ဆရာဝန် သွားမပြသေးချင်ရင် ဘာလုပ်လို့ ရလဲ။
ရေပတ်တိုက်လို့ ရပါတယ်။
ရေ ၊ အဖျော်ရည် ၊ သစ်သီး ဖျော်ရည် သောက်သုံးပေးပါ။
အရည်ရွှမ်း သော အသီးများ စားသုံးခြင်းဟာ ကောင်းမွန်ပါတယ်။
ကောင်းမွန်စွာ အနားယူပါ။
မပူလွန်း မအေးလွန်းသော နေရာတွင် နေထိုင်ပါ။
📌📌📌 မဖျားအောင် ဘယ်လို ကာကွယ်ရမလဲ။
ဖျားတယ် ဆိုတာကို ကာကွယ်လို့ မရဘူး ဆိုတာ အမှန်ပါပဲ။ သို့သော် ဖျားဖို့ အခွင့်အလမ်းတွေ လျှော့ချပစ်လို့ တော့ ရပါတယ်။
လက်ဆေးပါ။ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ခဏခဏ ဆေးပါ။ လက်ဆေးခြင်းဟာ ရောဂါ အတော်များများကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် လက် ခဏခဏ ဆေးပါ။
ဖျားနေသော သူများနှင့် ဝေးဝေးနေပါ။
အချုပ်အား ဖြင့် ကိုယ်ဝန်ဆောင်စဥ် ဖျားနာတယ် ဆိုတာ သိပ်ကြောက်ဖို့ ကောင်းတဲ့ ကိစ္စ တော့မဟုတ်ပါဘူး။
သို့သော် ဖျားရတဲ့ အကြောင်းအရင်းကို သေချာသိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးဖို့ လိုအပ်သလို သေသေချာချာ အနားယူ သင့်ပါကြောင်း မိခင်လောင်းများ အပေါင်းကို ထပ်လောင်းပြီး ပြောပြလိုက်ရပါတယ်။
Dr.MKK
::::::::::::::::::::::::::