"ကလေးငယ်မှာ တုတ်ကောင်ထခဲ့ရင် မပေါ့ဆစေချင်ပါ"
သံထတယ်၊ တုတ်ထိုးတယ်ဆိုတာဟာ ကလေးအသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အခုဆောင်းပါးမှာတော့ တုတ်ကောင်ဘာကြောင့်ထရတယ်၊ တုတ်ထိုးရင် ဘယ်လိုကုသရမယ်ဆိုတာကို ရှင်းပြပါမယ်။
ပထမဦးဆုံးအနေနဲ့ တုတ်ကောင်ဆိုတာ ဘာလဲလို့ရှင်းပြပါမယ်။ တုတ်ကောင်ဆိုတာဟာ သံကောင်တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် တုတ်ကောင်ဟာ သံကောင်တွေထက် ကူးစက်ပုံထူးခြားပြီး ရောဂါလက္ခဏာပြသပုံဟာလည်းကွာခြားပါတယ်။ တုတ်ထိုးခြင်းဟာ ကလေးအရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၂နှစ်နဲ့ ၅နှစ်အတွင်းမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ တုတ်ကောင်ကူးစက်ပုံကတော့ မသန့်ရှင်းသောအစားအသောက်မှတစ်ဆင့်ဖြစ်စေ၊ မသန့်ရှင်းသောလက်နဲ့ယူပြီးစားသုံးခြင်း၊ လက်စုပ်ခြင်းတို့ကနေဖြစ်စေ ကူးစက်တတ်ပါတယ်။
တုတ်ထိုးခြင်းရဲ့ လက္ခဏာတွေထဲမှာ အသိသာဆုံးအချက်ကတော့ ညဘက်အိပ်ချိန်တစ်ဝိုက်မှာ စအိုဝ ယားယံခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရသလဲဆိုရင် တုတ်ကောင်အမဟာ ဥဥချင်တဲ့အခါ အူလမ်းကြောင်းမှထွက်ပြီး စအိုဝကိုထွက်ပြီး ဥရပါတယ်။ ဒီလိုဥရတဲ့အကြောင်းကတော့ ပြင်ပလေထုထဲက အောက်စီဂျင်ဓာတ်ဟာ တုတ်ဥကနေ အကောင်ဖြစ်ဖို့အတွက်လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ဥဥပြီးတဲ့အခါမှာ တုတ်ကောင်အမဟာ သေဆုံးသွားပြီး ကလေးငယ်က စအိုဝယားယံလို့ ကုတ်တဲ့အခါမှာ လက်သည်းကြားမှာ တုတ်ဥတွေပါသွားပါတယ်။ သည့်နောက်မှာ အစာစားထဲအခါ ပါသွားပြီး အူလမ်းကြောင်းကို ပြန်လည်ရောက်ရှိကာ တုတ်ကောင်သံသရာလည်ပါတော့တယ်။
တုတ်ထိုးခြင်းရဲ့အခြားလက္ခဏာတွေကတော့
- ညအိပ်တဲ့အခါ သွားကြိတ်ခြင်း
- ညမအိပ်ဘဲ ဂဏှာမငြိမ်ဖြစ်ခြင်း
- ပျို့အန်ခြင်း
- မီးမီးလေးဆိုပါက မိန်းမကိုယ်ယားယံခြင်း တို့ဖြစ်စေတတ်ပါတယ်။
တုတ်ဥများဟာ လက်သည်းကြားမှတဆင့် ကလေးငယ်ရဲ့ အဝတ်အစား၊ စောင်ခြင်ထောင်ခေါင်းအုံးတို့မှာလည်း ကပ်နေတတ်ပြီးနောက် ဒီအဝတ်အစားတွေကို ကိုင်တွယ်တဲ့အမေအဖေဆီလည်းရောက်နိုင်ပါတယ်။ ဒါကြောင့် တုတ်ထရင် တစ်အိမ်လုံးဖြစ်တတ်ပြီး တစ်အိမ်လုံး သံချဆေးသောက်ရပါမယ်။ ဒါ့အပြင် ကလေးငယ်ရဲ့ အဝတ်အစား၊ စောင်ခြင်ထောင်ခေါင်းအုံး တွေကိုလည်း လျှော်ဖွပ်ပစ်ရပါမယ်။
တုတ်ချတဲ့အခါ သံချဆေးကိုပဲတိုက်ရတာဖြစ်ပါတယ်။ တုတ်ကောင်ရဲ့သံသရာစက်ဝန်းနဲ့ ပြန်လည်ကူးစက်တတ်ပုံကြောင့် ပုံမှန်သံချဆေးတိုက်သလို တစ်ကြိမ်သာတိုက်ရတာမဟုတ်ဘဲ ပထမအကြိမ်တိုက်အပြီး ၂ပတ်အကြာမှာ ဒုတိယအကြိမ်ပြန်တိုက်ရပါမယ်။ အဝတ်အစားတွေပြန်လျှော်ရပါမယ်။ ဒါကိုမမေ့ဖို့လိုပါတယ်။ ကလေးရဲ့အသက်အရွယ်အလိုက် သံချဆေးပမာဏကွာတာကြောင့် အသက် ၂နှစ်အောက်ကလေးများကို သံချဆေးတိုက်မယ်ဆိုရင် ကိုယ့်သဘောနဲ့ကိုယ်လုံးဝမတိုက်သင့်တဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ပြီးမှသာ တိုက်သင့်တဲ့အကြောင်း တင်ပြပေးလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ