Kyarlay.com

over 1 year

(၈) လမှ (၁၁) လအရွယ် ရင်သွေးငယ်များအတွက် ဖြည့်စွက်စာပြင်ဆင်နည်း


Xwnzvd5otlsjipm6wyr4

မေမေတို့ရေ ဘေဘီလေးတွေကို ဖြည့်စွက်စာကျွေးလာတာ ၂ လလောက်ရှိလာပြီဆိုတော့လည်း အရင်ကထက်ပိုတိုးပြီး ကျွေးဖို့လိုလာပြီနော်။ အသက် (၈) လအရွယ်ရောက်လာပြီဆိုရင်တော့ အဲ့ဒီနောက်ပိုင်းမှာ ဖြည့်စွက်စာကျွေးမွေးမှုကို တစ်နေ့ကို (၂) ကြိမ်ကနေ (၃) ကြိမ်အထိ ကျွေးပေးဖို့လိုပါတယ်။ ကျွေးတဲ့အခါမှာလည်း လက်ဖက်ရည်ပန်းကန်တစ်လုံးစာလောက် ကျွေးပေးရမှာဖြစ်ပါတယ်။ ကျွေးမွေးရာမှာတော့ စားနေကြအစားအစာတွေအပြင် ရာသီအလိုက်အစားအစာတွေကိုလည်း ကျွေးပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အရင်ကအတိုင်းနဲ့မတူအောင် အနည်းငယ်တော့ ပြင်ဆင်ပေးဖို့လိုပါတယ်။

အရင်က ထမင်းနဲ့ဟင်းကိုဒီတိုင်းနယ်ကျွေးတယ်ဆိုပေမယ့် အခုအခါမှာ ထမင်းကိုဆီဆမ်းတာ၊ ဟင်းကိုလည်း လူကြီးတွေစားသလို အနည်းငယ်ပြင်ဆင်ချက်ပြုတ်ကျွေးတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပြီး ဒီအရွယ်မှာ ထမင်းဆီဆမ်းကို ငပိလေးနဲ့လည်းရောပြီးကျွေးနိုင်ပါတယ်။ ငါးငပိ၊ ပုဇွန်ငပိတို့ကိုကျွေးလို့ရပါတယ်။ ဒီအရွယ်မှာ ငါးပိဖျော်တာ၊ ငါးကင်၊ ငါးပြုတ် (ဒါမှမဟုတ်) ပုဇွန်ခြောက်မှုန့်တွေကို ငါးပိရည်၊ မျှင်ငပိတို့နဲ့ ရောကျွေးမယ်ဆိုရင်တော့ ပိုပြီးအာဟာရဖြစ်ထွန်းနိုင်ပါတယ် မေမေတို့ရေ။



Ttkki0damo9nyqcbsbpz

ဒီအရွယ်သားသားမီးမီးတို့ကို အသီးအရွက်ကျွေးလို့လည်းရပါတယ်။ ဟင်းရွက်တွေအားလုံးက အစိမ်းရောင်ရှိပြီး လတ်ဆတ်တယ်ဆိုတာနဲ့ ကလေးအတွက် အာဟာရဖြစ်စေပါတယ်။ ဒေသအလိုက်၊ ရာသီအလိုက် မိသားစုတွေစားနေကြအထဲကပဲ ကလေးကိုကျွေးလို့ရပါတယ်။ တကယ်လို့ ကလေးစပ်သွားခဲ့ရင်တော့ ရေနွေး(ဒါမှမဟုတ်) လက်ဖက်ရည်ကြမ်းနဲ့ ဆေးပြီးကျွေးနိုင်ပါတယ်။

ကလေးကိုထမင်းကျွေးတဲ့အခါမှာတော့ ထမင်းပျော့ပျောင်းစေဖို့ ချေပြီးအင်အားပြည့်ဝစေဖို့ ဆီဆမ်းပြီးကျွေးဖို့လည်းလိုပါတယ်နော်။ ဟင်းချိုအိုးထဲကငါးကို အသားထွင်ပြီး ထမင်းဆီဆမ်းနဲ့ ရောနယ်ကျွေးလို့လည်းရပါတယ်။ နောက်ပြီးဟင်းချိုထဲက ဟင်းရွက်ဖတ်တွေကိုလည်း ရောထည့်ချေပြီးကျွေးပေးလို့ရပါတယ်နော်။

အသက် (၈) လကနေ (၁၁) လအရွယ်ကလေးတွေကိုတော့ ထမင်းနဲ့ပဲကိုရောနယ်ပြီး အာဟာရဖြစ်အောင်လည်း ကျွေးမွေးနိုင်ပါတယ်။ ကလေးကိုဘာလေးပဲကျွေးကျွေး ထမင်းကိုဆီလေးဆမ်းပြီးမှ ကျွေးဖို့ကိုတော့ မမေ့ပါနဲ့နော်။ ပဲဟင်းလျာတွေဖြစ်တဲ့ ပဲပြုတ်ဆီဆမ်း၊ ပဲဟင်း၊ တို့ဟူး၊ ပဲပြား၊ ပဲပုတ်ခြောက်၊ ပဲပုတ်အစိုချက်တို့ကိုလည်း ပြုပြင်ကျွေးမွေးလို့ရပါတယ်။ ငါးခြောက်မီးဖုတ်ထောင်း၊ ငါးခြောက်ထောင်းကျော်၊ ပုဇွန်ခြောက်ထောင်း၊ အသားခြောက်မီးဖုတ်ထောင်းတို့နဲကလည်း ကျွေးမွေးနိုင်ပါတယ်နော်။

နောက်ပြီး ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့်စတာတွေကိုလည်း ရာသီအလိုက်ပေါ်တဲ့အချိန်မှာ ကျွေးမွေးပေးဖို့လိုအပ်ပါတယ်နော်။ ရင်သွေးငယ်လေးတွေအားလုံးလည်း အာဟာရဖွံ့ဖြိုးပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေနော်။
Ref;HM (ကျားလေး)