ကလေးနို့ဖြတ်မယ့် မေမေတို့ သိထားသင့်တဲ့အချက် (၈) ချက်
ဘယ်အချိန်မှာ နို့ဖြတ်မှာလဲ ?
ကလေးနို့ဖြတ်တဲ့ကိစ္စဟာ မေမေတို့အတွက်စိတ်မကောင်းဖြစ်ရတဲ့အချိန်ပါ။ ကလေးက ငိုယိုနေမှာ၊ နို့ဆာနေချိန် ဒီအတိုင်းကြည့်နေရမှာ မကြည့်ရက်တာနဲ့ပဲ ကလေးကိုယ်တိုင်က နို့ပြတ်တဲ့အထိ စောင့်တတ်ကြပါတယ်။ ဘယ်အချိန်မှာ နို့ဖြတ်မလဲဆိုတာ ကလေးရော၊ မိခင်ရော အဆင်သင့်ဖြစ်တဲ့အချိန်ကို ကိုယ်တိုင်ဆုံးဖြတ်တာအကောင်းဆုံးဖြစ်ပါတယ်။ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့အကြံပြုချက်မှာတော့ ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသင့်တယ်၊ အနည်းဆုံး ကလေးအသက်တစ်နှစ်အထိ လောက်အထိ တိုက်ကျွေးလို့ရတယ်လို့ ဆိုထားပါတယ်။ မိခင်တွေအနေနဲ့က ကိုယ်ရော၊ ကလေးပါ အဆင်ပြေနေသရွေ့ မိခင်နို့ကို တိုက်ကျွေးလို့ရနိုင်ပါတယ်။
ကလေးမစို့ချင်တော့အောင် နို့မှာ အခါးတွေသုတ်ထားတာ၊ ဆေးတွေသုတ်ထားတာ …သူငယ်ချင်းတွေ၊ ဆွေမျိုးနဲ့ မိဘတွေ ဘာပဲပြောပြော သူများပြောတဲ့နည်းလမ်းစုံတွေ လိုက်မသုံးပါနဲ့။ ကိုယ့်ကလေးအကြောင်း၊ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ အဆင်ပြေမယ့်နည်းကို ရွေးချယ်ရပါမယ်။ ကျန်းမာရေးအကြံပြုချက်တွေအတိုင်း ကလေးအသက်တစ်နှစ်အထိ နို့ဆက်တိုက်မယ်ဆိုရင်တောင် ထမင်းနဲ့တွဲကျွေးတာမျိုး ဖြည်းဖြည်းချင်းကျင့်ပေးရမယ့်နည်းကိုရွေးတာမျိုး။
နို့ဖြတ်မယ်ဆိုရင် မေမေတို့ ဘာတွေသိထားရမလဲ ?
(၁) အစပိုင်းမှာ ဖြည်းဖြည်းချင်းကျင့်ပေးသင့်တယ်
ရုတ်တရက်ကြီး ကလေးကိုနို့မစို့ရအောင် လုပ်ထားတာက ညှင်းပန်းရာကျနေမလားလို့ ကိုယ်လည်းစိတ်ဆင်းရဲ၊ ကလေးလည်းပင်ပန်းရပါတယ်။ နို့ဆာလောင်နေချိန်မစို့ရလို့ ဒေါသထွက်နေတဲ့ကလေးက အခုမှစစားဖူးမယ့် ကြိတ်ချေထမင်း သို့မဟုတ် တခြားအာဟာရကို မြည်းစမ်းချင်ပါ့မလား။ ကလေးရဲ့တစ်နေ့တာအာဟာရမှာ အစာအမာတွေနည်းနည်းချင်းစတင်မိတ်ဆက်ပေးပါ။ နို့ကို လျှော့တိုက်ပြီး ထမင်း သို့မဟုတ် ဖြည့်စွက်အာဟာရနဲ့ ဖြည့်ပါ။ အရမ်းဆာလောင်မနေအောင် နို့အရင်တိုက်ထားပြီး အစာအသစ်ကို စားကျင့်ရအောင် ချော့ကျွေးပါ။
(၂) ဗိုက်ပြည့်နေအောင် နို့မတိုက်ပါနဲ့
နို့စဖြတ်ချိန်မှာ ကလေးကို မိခင်နို့ဖြစ်ဖြစ်၊ နို့ဗူးဖြစ်ဖြစ် အရင်တိုက်နေကျပမာဏရဲ့ တဝက်လောက်ပဲတိုက်ပါ။နောက်တဝက်ကို ထမင်း သို့မဟုတ် ဖြည့်စွက်အာဟာရနဲ့ ဖြည့်တင်းပါ။ ဒါ့ကြောင့် ကလေးကို အရမ်းဆာအောင်မထားဖို့၊ ဗိုက်အရမ်းပြည့်အောင်လည်း နို့မတိုက်ဖို့ အရေးကြီးပါတယ်။ နို့ဆက်မစို့ဖို့ တားရင်းနဲ့လည်း ကလေးကိုတအားစိတ်မဆိုးစေဖို့လည်း ဂရုစိုက်ပါ။
(၃) စားလို့လွယ်တာကို အရင်မိတ်ဆက်ပါ
ကလေးကို စစချင်းမိတ်ဆက်တဲ့ အစားအစာက ချေဖျက်ရလွယ်တဲ့အရာဖြစ်သင့်ပါတယ်။ ကြိတ်ချေထားတဲ့ထမင်းကို နို့ သို့မဟုတ် နို့မှုန့်နဲ့ နည်းနည်းရောကျွေးကြည့်ရင်လည်း သူ့အတွက်အနံ့အရသာ သိပ်မပြောင်းတော့ အဆင်ပြေနိုင်တယ်။ အစာအမာစစားတဲ့ အလေ့အကျင့်ရမှ အသီးလေးအနှံလေးကျွေးတာတွေ ဆက်လုပ်ပေါ့။ အစားစားတာ ကျင့်သားရတော့မှ ထမင်းထဲမှာ အသားငါး၊အသီးအရွက်၊ပဲ စတာတွေ ထည့်ကြိတ်ကျွေးပါ။
(၄) ကလေးက အခုမှစားဖူးတာ ဆိုတာမမေ့ပါနဲ့
ကလေးက စားစရာကို ငုံထားရင် ဒါမှမဟုတ် ထွေးထုတ်လိုက်ရင် သိပ်စိတ်မပူပါနဲ့။ဒါဟာ ကလေးအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်သလို ပါးစပ်ထဲမှာ အရသာသစ်ကို ကျင့်သားရဖို့ လိုပါတယ်။ နို့စို့ရတာက သဘာဝအလျောက်တတ်ပေမယ့် အစားအစာကို မျိုချဖို့က အသစ်သင်ယူရတဲ့အလုပ်တစ်ခုဖြစ်တာလည်း ပါပါတယ်။ နို့စို့တဲ့အခါ လျှာက ရှေ့ကိုထွက်ထွက်လာတတ်တဲ့အကျင့်ကြောင့် ကလေးကမထွေးထုတ်ရင်တောင် အစားအစာတွေ ပါးစပ်ထဲကနေ ပြန်ထွက်ထွက်လာတာ သဘာဝကျပါတယ်။
(၅) အရသာသစ်တွေ မိတ်ဆက်ပါ
စစချင်းမှာ နှစ်ရက်ခြားတစ်ခါလောက် အရသာသစ်တွေ မိတ်ဆက်ပါ။ ကလေးကနှစ်သက်တယ်ဆိုပြီး ဒါချည်းပဲဆက်တိုက်ကျွေးတာတွေရှောင်ပါ။ အရသာတစ်ခုကို ဆက်တိုက်ငြီးငွေ့လောက်အောင် စားရတဲ့အခါ အဲဒီစားစရာကို ကလေးကမုန်းသွားနိုင်ပါတယ်။ ဒီတစ်မျိုးကျွေးကြည့်လို့ ကြိုက်တယ်ဆို နောက်အသစ်တွေ ထပ်မိတ်ဆက်၊ အရသာစုံအောင် ရောနှောကျွေး၊ နောက်ဆုံးမှ သူတကယ်နှစ်သက်တဲ့ အစားအစာကို သိရပါလိမ့်မယ်။
(၆) အရာရာတိုင်းတော့ ကြိုက်နိုင်မှာမဟုတ်
တစ်ခုခုကျွေးကြည့်လို့ နှာခေါင်းလေးရှုံ့နေတယ်ဆို စိတ်မပျက်သွားပါနဲ့၊ သူမကြိုက်တာကိုလည်း အတင်းအကျပ်မကျွေးပါနဲ့။ ဒါပေမယ့် လက်လည်းမလျှော့့လိုက်ပါနဲ့။ တစ်ပတ်၊ နှစ်ပတ်လောက်စောင့်ပြီး နောက်တစ်ကြိမ်မိတ်ဆက်ကျွေးကြည့်ပါ။ ကလေးရဲ့အရသာခံနိုင်စွမ်းကတစ်နေ့တစ်ခြားပြောင်းလဲလာပြီး ဖွံ့ဖြိုးလာတာမို့ပါ။
(၇) ကလေးရဲ့ဝမ်းကလည်း ပြောင်းလဲလာမှာပါ
နို့ဖြတ်လိုက်တည်းက ကလေးဝမ်းသွားတဲ့အခါ ပြောင်းလဲလာမှာပါ။ နို့ရည်ကိုပဲ အားထားနေရတဲ့ဝမ်းအနေအထားရော၊ အနံ့၊ အရောင် မတူတော့ပါဘူး။ အစားစားတာ ကြာလာလေ၊ ဝမ်းက ပိုခဲလာလေ၊ အရောင်ပိုရင့်လေ၊ ပိုစေးကပ်လေ ဖြစ်ပါလိမ့်မယ်။
ကလေးက ဝမ်းသွားရခက်နေမယ်၊ ဝမ်းကမာပြီး ဝမ်းချုပ်နိုင်ပါတယ်။ ကလေးကိုအရည်များများဝင်အောင်တိုက်ပါ။
(၈) စစချင်းတော့ အဆင်မပြေနိုင်ပါဘူး
အသစ်ကျွေးတဲ့အစားအစာကို ကလေးကစိတ်မဝင်စားဘူး၊ အကုန်ထွေးထုတ်နေတယ်ဆိုရင် ငိုရချော့ရနဲ့ တနေကုန်တိုင်ပတ်နေမှာပါပဲ။ ကလေးက အဆင်သင့်မဖြစ်သေးရင် အတင်းအကျပ်မကျွေးပါနဲ့။ စကျွေးကာစမှာ နှစ်ရက်လောက်နားပြီးမှ ပြန်စကျွေးပါ။ အတင်းအကျပ်ခွံ့တာထက် ကလေးစိတ်ဝင်စားလာအောင် နည်းအမျိုးမျိုးနဲ့ ချော့မြှူ ဆွဲဆောင်တာက ပိုကောင်းပါလိမ့်မယ်။
ဒီအချက်တွေက ကလေးနို့ဖြတ်ဖို့စဉ်းစားနေတဲ့ မေမေတို့အတွက် အထောက်အကူတစ်ခုခုဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Hello Health Group