Kyarlay.com

over 1 year

(၆) လ၊ (၇) လအရွယ် ရင်သွေးငယ်များအတွက် ဖြည့်စွက်အစားအစာပြုပြင်နည်း


Jjvjfxnisowdzak3b8zf

မေမေတို့ရေ ရင်သွေးလေးကို အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်ပါတယ်နော်။ ဒါပေမယ့် (၆) လပြည့်ပြီး (၆) လနဲ့ (၇) လအရွယ်ကလေးတွေအတွက် ဖြည့်စွက်အစာစတင်ကျွေးတော့မယ်ဆိုရင် ဘယ်လိုကျွေးမွေးဖို့လိုအပ်တယ်ဆိုတာလေးကိုလည်း မေမေတို့က သိဖို့လိုတယ်မဟုတ်လား။ (၆) လ (၇) လအရွယ်ကလေးတွေအတွက် ဖြည့်စွက်အစားအစာပြုပြင်နည်းလေးကို ကျန်းမာရေးဝန်ကြီးဌာနက မေမေတို့အားလုံးက လမ်းညွှန်ပေးထားတာရှိပါတယ်။ အဲ့ဒီနည်းလမ်းလေးကို ကျားလေးကနေ မေမေတို့အတွက် ပြန်လည် မျှဝေပေးချင်ပါတယ်။



Igknzehzxyl2zehqagug

မေမေတို့ရေ ဖြည့်စွက်စာစတင်ကျွေးမယ်ဆိုရင်တော့ နို့ထွက်သန်တဲ့မေမေတို့ရဲ့ ရင်သွေးလေးတွေဆိုရင် တစ်နေ့ကိုတစ်ကြိမ်သာ ကျွေးမွေးဖို့လိုပါတယ်။ မိခင်နို့ရည်နည်းရင်တော့ တစ်နေ့ကို နှစ်ကြိမ်ကျွေးပေးပါနော်။ ကျွေးမွေးတဲ့အခါမှာလည်း တစ်နေ့ကို ဖြည့်စွက်စာတစ်မျိုးသာ အကျင့်ပြုပြီးကျွေးမွေးရမှာပါ။ ကလေးတွေကို ဖြည့်စွက်စာ စတင်ကျွေးတဲ့အခါမှာတော့ နည်းနည်းစီစကျွေးပြီး တဖြည်းဖြည်းတိုးကျွေးသင့်ပါတယ်။

ဖြည့်စွက်စာကျွေးတယ်ဆိုပြီး ကလေးကိုမိခင်နို့တိုက်တာကိုလည်း မရပ်သင့်ပါဘူး။ မိခင်နို့ကိုတော့ ဆက်တိုက်ဖို့လိုပါတယ် မေမေတို့ရေ။ ကလေးတွေကိုဖြည့်စွက်စာကျွေးတော့မယ်ဆိုရင်တော့ ထမင်းပျော့ပျော့လေးကို ကြေညက်အောင်ချေပြီးကျွေးသင့်ပါတယ်။ မြန်မာ့ရိုးရာဓလေ့အတိုင်းဝါးပြီးခွံ့ကျွေးရင်လည်းရပါတယ်နော်။ ဒါပေမယ့်လည်း ကျွေးမယ့်သူရဲ့ ပါးစပ်နဲ့လက်ကိုတော့ သေချာဆေးကြောသန့်စင်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဆန်ပြုတ်ရည်ကို တိုက်ကျွေးနိုင်ပါတယ်မေမေတို့ရေ။

နောက်တစ်နည်းကတော့ အိမ်မိသားစုတွေအတွက် ထမင်းအိုးတည်တဲ့အခါ ရေမခမ်းမီ (ဒါမှမဟုတ်) ထမင်းရည်မငှဲ့မီမှာ ဆူပွက်လာတဲ့ဆန်အချို့နဲ့ ထမင်းရည်ကို လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးစာခန့်ယူပြီး အိုးတစ်လုံးထဲထည့်၊ ရေလိုသလောက်ထည့်ပြီး ဆန်ပျော့တဲ့အထိ ပြုတ်ပြီးကျွေးလို့ရပါတယ်။ ကျွေးတဲ့အခါမှာတော့ ဆန်ပြုတ်ကို ကြွေဇွန်းတစ်ဇွန်းစတင်ကျွေးမွေးသင့်ပါတယ်နော်။

အခြားတစ်မျိုးဆိုရင်တော့ ကြက်ဥပြုတ်အနှစ်ကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာကစတင်ကျွေးမွေးဖို့လိုပါတယ်။ ဖီးကြမ်းငှက်ပျောသီးမှည့်ကို အူမပါဘဲအကျင့်လုပ်ကျွေးနိုင်ပါတယ်။ ငှက်ပျောသီးကိုချေပြီး ကြွေဇွန်းတစ်ဇွန်းကစပြီး ကျွေးလို့လည်းရပါတယ်နော်။ မေမေတို့သတိပြုရမှာကတော့ ဖြည့်စွက်စာကျွေးစဉ်မှာလည်း မိခင်နို့ကိုပုံမှန်အတိုင်း ဆက်လက်တိုက်ကျွေးပေးဖို့ပါပဲနော်။ ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

မေမေတို့ရဲ့ရင်သွေးလေးတွေကို ဖြည့်စွက်စာကျွေးဖို့အတွက် ဖြည့်စွက်စာဗူးလေးတွေ၊ အစားအစာကျွေးဖို့အတွက် ထမင်းကျွေးခုံလေးတွေကို ကျားလေးမှာဝယ်ယူရရှိနိုင်ပါတယ် မေမေတို့ရေ။ ဖြည့်စွက်စာ ချက်ပြုတ်နည်းလေးတွေကိုလည်း ကျားလေး App ထဲမှာ ၀င်ကြည့်လို့ ရပါတယ်။
Ref; မေ့ရင်သွေး