ဗိုက်ခွဲမွေးပြီးချိန်မှာ ဒီအချက်တွေကို လုံးဝမလုပ်သင့်ပါဘူး။
၁။ ဆီးပိုက်ဖြုတ်ပြီးတာနဲ့ လမ်းစလျောက်နိုင်ပါပြီ။ ဘေးကအကူနဲ့ လျောက်လဲရပါတယ်။ ခုတင်ပေါ်မှာ တစ်ချိန်လုံးလှဲလျောင်းနေတာထက် လမ်းလျောက်တာက အနာကျက်ပိုမြန်စေနိုင်ပါတယ်။ အစပိုင်းမှာတော့ ခေါင်းမူးခေါင်းနောက်ဖြစ်တတ်ပြီး နှေးနှေးသာလျောက်နိုင်ပါမယ်။ တစ်ဖြည်းဖြည်းနဲ့ ပုံမှန်လျောက်နိုင်လာမှာပါ။
၂။ အိမ်သာစသွားနိုင်တဲ့အခါ ဆီးဝမ်းကို မအောင့်ထားပါနဲ့။ ဆီးချုပ်ဝမ်းချုပ်ဖြစ်တဲ့အခါ အနာကို ပိုနာစေနိုင်ပါတယ်။ အိပ်ရာပေါ်က ခဏခဏထသွားရရင်တောင်မှ သွားပါ။ ထလိုက်တဲ့အခါ ဗိုက်ကနာနာတတ်ပေမယ့် သွားရပါမယ်။
၃။ ခွဲပြီးပထမရက်တွေမှာ အစာပျော့ပျော့တွေပဲ စစားပါ။ အစပ်တွေ၊ အကြော်မာမာ (ဥပမာ-ဆိတ်သားပြုတ်ကြော် မာမာ)တွေ မစားပါနဲ့ဦး။ ကလေးမွေးပြီးချိန်မှာ ဗိုက်ကလက်မခံနိုင်သေးတာကြောင့် အစာအိမ်အချဉ်ဖောက်၊ ရင်ပူစေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အဖြူထည်လေးပဲ စားသင့်ပါတယ်။
၄။ ကလေးကိုချီတာကလွဲလို့ ဆေးရုံဆင်းပြီး ၂ပတ်လောက်အတွင်း အလေးအပင်မမသင့်ပါဘူး။ အတွင်းချုပ်ရိုးတွေဟာ အနာကျက်ဖို့ အချိန်တစ်ခု စောင့်ရတတ်ပါတယ်။
၅။ ကလေးမွေးပြီးပြီးချင်း လေကျင့်ခန်းမလုပ်ပါနဲ့။ ကလေးမွေးပြီးချိန်ထိ ကိုယ်ဝန်အင်္ကျီပွပွကြီးတွေ ဝတ်နေရတာကို စိတ်ညစ်ရတတ်ပေမယ့် ကိုယ်ကျပ်ကလေးဝတ်နိုင်ဖို့ ခဏစောင့်သင့်ပါတယ်။ ဗိုက်ကိုစောစောဒဏ်ပေးခြင်းက အတွင်းသွေးထွက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းအစား ကလေးကိုတွန်းလှည်းထဲထည့်ပြီး တွန်းတာမျိုး၊ ကလေးကိုချီပြီး ဆော့ကစားတာမျိုး စတဲ့ လေ့ကျင့်ခန်းမျိုးလေးတွေသာ လုပ်ပေးသင့်ပါတယ်။
၆။ ချုပ်ရိုးကို ဂရုစိုက်ပါ။ ဆရာဝန်မှာကြားတဲ့ဆေးများကို မှန်မှန်သောက်ပါ။ ချုပ်ရိုးသေချာခြောက်တဲ့အထိ ရေနွေးစိမ်ချိုးတာမျိုး ရှောင်ကြဉ်ရပါမယ်။
၇။ သက်တောင်သက်သာရှိမယ့် အနေအထားမှာ အိပ်ပါ။ ချုပ်ရိုးဖြေပြီး အနာကောင်းကောင်း ကျက်နေပေမယ့် ကျောခင်းအိပ်ရင် နာနေတတ်ပါတယ်။ ဒါကြောင့် ဘေးတစ်စောင်းအိပ်ဖို့ လိုအပ်နေနိုင်ပါသေးတယ်။
၈။ ကလေးအိပ်စင်လေးကို ခုတင်ဘေးမှာထားအိပ်ပါ။ ဒါမှ ညဘက်ကလေးချော့၊ နို့တိုက်တဲ့အခါ ကုန်းကုန်း ထရပြီး ခွဲကြောင်းနာခြင်းကို လျော့နည်းစေနိုင်ပါတယ်။
၉။ ဝမ်းမချုပ်ပါစေနဲ့။ ရေများများသောက်ပါ။ အနာကျက်နေစဉ်မှာ ချုပ်ရိုးကို ဒဏ်ပြုခြင်းက ဘေးထွက်ဆိုးကျိုးများစေပါတယ်။
၁၀။ ခင်ပွန်းနဲ့အတူ ချစ်တင်းနှောရာမှာသတိထားပါ။ ပုံမှန် ၆ပတ်တိတိ အတူမနေဖို့ လိုပေမယ့် တစ်ခါတစ်ရံ အင်အားပြည့်ဖို့ အချိန်ပိုလိုအပ်တတ်ပါတယ်။
၁၁။ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်ပါက အနာပိုးဝင်တာကြောင့်ဖြစ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။
၁၂။ အနာသက်သာဆေးတွေ ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့။ ဆရာဝန်ညွှန်ထားတဲ့ဆေးတွေထဲမှာလည်း အကိုက်အခဲပျောက်ဆေးတွေ ပါနေတတ်ပါတယ်။ ဆရာဝန်ညွန်ကြားထားတဲ့ ဆေးတွေ ကုန်တဲ့အခါလည်း ကိုယ့်ဟာကိုယ်ဝယ်မသောက်သင့်ပါဘူး။ တစ်ချို့ဆေးတွေဟာ အမေ့နို့ရည်ကနေ ကလေးဆီရောက်နိုင်ပါတယ်။ ဒါကြောင့် ၆ပတ်မြောက်အထိ နာနေတုန်းပဲဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၁၃။ အနာချုပ်ရိုးအမာရွတ်လေးကို ချစ်မြတ်နိုးပါ။ ခန္ဓာကိုယ်ဟာ အရင်ကနဲ့တူမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်ဟာကိုယ် အရင်ကထက် ပိုချစ်ပါ။ ဒီအမာရွတ်ဟာ ရင်နှစ်သည်းခြာသားသားမီးမီးလေးတွေကို မွေးထုတ်ပေးပြီး ကြည်နူးစရာမိခင်ဘဝကို ပေးစွမ်းနိုင်ခဲ့တာပဲမဟုတ်ပါလား။
Respectly Credit to:
Original uploader