ကလေးငယ်နှင့်သွားတိုက်ခြင်း
-------------------------------
ကလေးလေးတွေကို အလေ့အကျင့်ကောင်းလေးတွေ ပျိုးထောင်ပေးချင်ရင် သူတို့လသားကစလို့ လေ့ကျင့်ပေးမှသာ အလေ့အကျင့်ကောင်းတစ်ခုကိုတည်ဆောက်ပေးနိုင်မှာပါ။ ပြောတဲ့စကားကိုနားလည်မှ ကြီးမှပဲပြုလုပ်ပေးမယ်ဆိုရင် အလေ့အကျင့်မရှိခဲ့တဲ့အတွက် ခက်ခဲမှာပါပဲ။ သွားတိုက်ခြင်း အလေ့အကျင့်ကလည်း ထိုနည်း၄င်းပါပဲ။ နို့စို့အရွယ်ကတည်းက ကလေးငယ်ရဲ့ခံတွင်း သွားဖုံးလေးတွေ လျှာလေးတွေကို ကို နူးညံ့တဲ့အဝတ်စလေးတွေနဲ့ သန့်ရှင်းပေးသင့်ပါတယ်။ လသားအရွယ်မှာ သွားစထွက်လာတဲ့အခါ မြိုချလို့ရတဲ့သွားတိုက်ဆေးလေးတွေအသုံးပြုပြီး သွားတွေကို သန့်ရှင်းပေးရပါတယ်။ နေ့စဉ် တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ်သန့်ရှင်းပေးပြီး ဒီအလေ့အကျင့်လေးကို စတင်အကောင်အထည်ဖော်ရပါမယ်။ တစ်နှစ်ကျော်လာတဲ့အခါ ဖလိုရိုက်ပါဝင်တဲ့သွားတိုက်ဆေးအသုံးပြုပြီး သွားကျန်းမာကြံံ့ခိုင်ရေးအတွက် သွားတိုက်ပေးသင့်ပါပြီ။ ဖလိုရိုက်ပါဝင်တဲ့အတွက် မြိုချရန်မသင့်တဲ့အခါ ကလေးငယ်ကို ပလုတ်ကျင်းတတ်အောင် အရင်သင်ပြပြီးမှသာတိုက်ပေးသင့်ပါတယ်။ ၂ နှစ်အောက်ကလေးငယ်တွေအတွက် ဖလိုရိုက်ပမာဏအများကြီးမလိုအပ်သေးပါ။ ဆန်စေ့ပမာဏခန့်သာ အသုံးပြုပေးသင့်ပါတယ်။ ကလေးငယ်သွားကျန်းမာရေးနဲ့ပတ်သလို့ Baby Center က ဖတ်ရတဲ့စာလေးကို ဖြည့်စွက်ရေးသားပေးလိုက်ပါတယ်။
သင့်ကလေးငယ်ကို သွားတိုက်ပေးဖို့ အကောင်းဆုံးနည်းလမ်း
------------------------------------------------------------------
နူးညံံ့ပြီးသေးငယ်သောသွားတိုက်တံနှင့် ဖလိုရိုက်ပါဝင်သောသွားတိုက်ဆေး နည်းနည်းလေးသာအသုံးပြုပါ။ (ဖလိုရိုက်ပါဝင်သောမည်သည့် ကလေးသွားတိုက်ဆေးမဆို အဆင်ပြေပါသည်။ သတိပြုရမည်မှာ စျေးကွက်တွင်ဝယ်ယူနိုင်သော ကလေးသွားတိုက်ဆေးအများစုမှာ ဖလိုရိုက်မပါဝင်ပါ။ သွားတိုက်ဆေးဘူးကိုသေချာရွေးချယ်ဝယ်ယူပါ။ မဝယ်တတ်ပါက ကောင်တာရှိအရောင်းဝန်ထမ်းများအကူအညီကို ရယူပါ။)
ကလေးငယ်ရဲ့ သွားဖုံးကြားကနေ သွားစတင်ထွက်ပေါ်လာသည်နှင့် အလွန်သေးငယ်သော ဆန်စေ့ပမာဏ သွားတိုက်ဆေးကို အသုံးပြုပါ။ အသက် ၃နှစ်ကျော်မှသာ ပဲစေ့ပမာဏခန့်ကို အသုံးပြုနိုင်ပါသည်။ ၄င်းပမာဏများကိုမကျော်လွန်စေခြင်းဖြင့် သင့်ကလေးငယ်အတွက် လိုအပ်သည်ထက် ဖလိုရိုက်ပိုမိုသုံးစွဲမိခြင်းကို ရှောင်ကြဉ်နိုင်ပါမည်။
တစ်နေ့ ၂ ကြိမ်တိုက်ပေးပါ။ မနက်တစ်ကြိမ်နှင့် ညအိပ်ယာမဝင်ခင်တွေမှာ သွားအပြင်ဖက်နှင့် အတွင်းဖက်မျက်နှာပြင်တွေအကုန်လုံး လျှာပါအပါ ခံတွင်းမှအနံ့ဆိုးတွေကိုထွက်စေသော ဘက်တီးရီးယားတွေမခိုကပ်စေရန် ညင်သာစွာပွတ်တိုက်ပေးပါ။ သင့်ကလေးငယ်မှ သွားတိုက်ဆေးကို မမြိုချပဲ ပလုတ်ကျင်းတတ်ပြီဆိုပါက ပလုတ်ကျင်းရန်သင်ပေးပါ။
သွားပွတ်တံမှ အမွှေများပျက်စီးပါက ချက်ခြင်းလဲလှယ်ပေးပါ။ (၃)လ တစ်ကြိမ် သွားပွတ်တံအသစ် လဲလှယ်ပေးသင့်ပါတယ်။ လူကြီးသွားပွတ်တံများနှင့်အတူမထားသင့်ပါ။ သွားပွတ်တံကို လေသလပ်အောင်ထားပြီး ခြောက်သွေ့စေခြင်းသည် ဘက်တီးရီးယားပေါက်ဖွားခြင်းမှ ကာကွယ်စေပါသည်။
ကလေးတွေကို ဘယ်အချိန်မှာ ကိုယ်တိုင်သွားတိုက်ခွင့်ပြုမလဲ
------------------------------------------------------------------
ကလေးငယ်မှဆန္ဒရှိသည့်အချိန် ကိုယ်တိုင်လည်းတိုက်နိုင်သည်နှင့်တစ်ပြိုင်နက် ၄င်းတို့ကိုယ့်သွားကိုယ်တိုက်ခြင်းကို ခွင့်ပြုပေးခြင်းသည် ကောင်းမွန်သောအကြံဥာဏ်ဖြစ်သည်။ သို့သော်လည်း အသက် ၇နှစ်မတိုင်ခင်တွင် သွားကောင်းကောင်းတိုက်တတ်ချင်မှ တိုက်တတ်ပါလိမ့်မည်။ ထို့ကြောင့် အမြဲကလေးငယ်သွားတိုက်သည်ကို စောင့်ကြည့်ပေးပါ။ ကူညီသွားတိုက်ပေးပါ။
တစ်ချိန်တည်းမှာပဲ မိမိကိုယ်တိုင်လည်း ကလေးငယ်နှင့်အတူတူ သွားတိုက်ပါ။ တစ်ယောက်သွားတိုက်သည်ကို တစ်ယောက်က ပြောင်ရဲ့လား သန့်ရှင်းပြီလား နှံ့စပ်ရဲ့လားဆိုတာ အပြန်အလှန်စစ်ဆေးပါ။ ကလေးငယ်သွားတိုက်ဖို့လိုသည့်နေရာကို ပြောပြပြီး မိမိလိုနေသည့်နေရာကိုလည်း ကလေးငယ်ကိုပြခိုင်းပါ။
ကလေးငယ်မှ သွားတိုက်ရန် ငြင်းဆန်သည့်အခါ မည်သို့လုပ်ပေးရမလဲ?
----------------------------------------------------------------------------
ကလေးငယ်မှ သွားတိုက်ချိန်ရောက်သည့်အခါတွင် ငြင်းဆို ဂျီကျနေသည့်အခါ ကလေးငယ်သဘောကျနိုင်မည့် ကာတွန်းဇာတ်ကောင်လေးတွေပါသည့် သွားတိုက်တံဝယ်ထားပါက အထောက်အကူဖြစ်နိုင်သည်။ သွားတိုက်တံ ရောင်စုံ ၂ခု ၃ခုဝယ်ပေးထားပြီး တစ်နေ့နှင့်တစ်နေ့မတူအောင် ကလေးစိတ်ကြိုက်ရွေးချယ်တိုက်ခိုင်းသည်ကလည်း ကလေးငယ်စိတ်ကိုပြောင်းစေနိုင်သည်။ ထို့ကြောင့် သွားတိုက်တံဝယ်သည့်အခါတိုင်းတွင် ကလေးငယ်နှင့်အတူတကွ ဝယ်ပါ။ ၄င်းစိတ်ကြိုက်ကိုရွေးချယ်ဝယ်ယူစေပါ။
သွားတိုက်သည့်အချိန်အား ပျော်စရာကောင်းအောင်ဖန်တီးပေးပါ။ ဒီနေ့မေမေတို့ သွားတိုက်ပြီး ပလုတ်ကျင်းတဲ့အခါ အင်္ကျီမစိုအောင် ပြိုင်ကြမယ်။ နောက်တစ်နေ့ကျ ပလုတ်ကျင်းတာ ဘယ်သူပိုဝေးအောင်ထွေးနိုင်လည်းပြိုင်ကြမယ်။ နောက်တစ်နေ့ကျ မေမေ့သွားကို ကလေးလေးတိုက် ကလေးလေးသွားကို မေမေတိုက်မယ်ဆိုပြီး တိုက်ကြည့်ပါ။ သွားမတိုက်ပေမဲ့လည်း သွားတိုက်တဲ့သီချင်းလေးတွေနဲ့ ရင်းနှီးစေပါ။ ထိုအခါသွားတိုက်သည့်အချိန်တွင် ထိုသီချင်းလေးများဖွင့်ပေးခြင်းသည်လည်း သွားတိုက်ရလွယ်ကူစေပါသည်။
ဖလိုရိုက်လိုအပ်နေပြီလား?
---------------------------
သွားများကြံံံ့ခိုင်မှုအတွက် ဖလိုရိုက်အနည်းငယ်လိုအပ်ပါသည်။ ဖလိုရိုက်သည် သွားတွေကိုခိုင်ခံ့စေပြီး အက်ဆစ်နှင့် မကောင်းသောဘက်တီးရီးယားများအတွက် ခံနိုင်ရည်ရှိစေရန် အထောက်အကူပေးသည်။ ကလေးငယ်အတွက် ဖလိုရိုက်ကို သွားတိုက်ဆေး နှင့် လိုအပ်ပါက ဖြည့်စွက်စာများမှရနိုင်သည်။ သွားဆရာဝန်ဆီသွားရောက်သည့်အခါတွင်လည်း လိုအပ်သည့် ဖလိုရိုက်ပမာဏအတွက် သွားဆရာဝန်မှ fluoride varnish လုပ်ပေးပါလိမ့်မည်။
ရေသန့်ဘူးများ အသီးဖျော်ရည်များမှာလည်း ဖလိုရိုက်ပါဝင်ကောင်းပါဝင်နိုင်သည်။ သို့သော်လည်း ပမာဏမည်မျှပါဝင်သည်ကိုတော့ ဖော်ပြထားမည်မဟုတ်ပေ။
မှတ်ထားရမည်မှာ ဖလိုရိုက်အနည်းငယ်သည် ကလေးငယ်သွားများအတွက်ကောင်းသော်လည်း ဖလိုရိုက်ပမာဏများစွာ မြိုချမိခြင်းသည် အချိန်ကြာမြင့်လာသည့်အခါ fluorosis ဖြစ်စေနိုင်သည်။ fluorosis ဆိုသည်မှာ လူကြီးသွားများထွက်လာသည့်အခါတွင် သွားပေါ်တွင် အဖြူရောင်အစက်များဖြစ်စေခြင်းဖြစ်သည်။ ထို့ကြောင့် ဖလိုရိုက်ကို အလွန်အကျွံမသုံးမိစေရန် အရေးကြီးသည်။ အထူးသဖြင့် မိမိကလေးငယ်ကို ဖလိုရိုက်ပါဝင်သောသွားတိုက်ဆေးဖြင့် တိုက်ပြီးသည့်အခါတွင် ကောင်းမွန်စွာပလုတ်ကျင်းတတ်စေရန်နှင့် ထွေးထုတ်တတ်စေရန် သင်ပြထားပေးသင့်သည်။
အချို့သောအစားအစာများသည် သွားပိုးစားခြင်းကို ပိုဖြစ်စေနိုင်ပါသလား?
------------------------------------------------------------------------------
ဖြစ်စေနိုင်ပါတယ်။ အချိုစာများ (အသီး၊ အသီးခြောက်၊ အသီးဖျော်ရည်၊ မြေပဲထောပတ်နှင့် ဂျယ်လီစသောအစားအစာများ) starches (ပေါင်မုန့်၊ crackers၊ pasta) စသည့်အစားအစာများသည် သွားပိုးစားစေနိုင်သည်။ ထိုအစားအစာများကျွေးလျှင် ရေတစ်ခွက်နှင့်အတူကျွေးခြင်းသည်လည်း အထောက်အကူပေးသည်။
ကလေးသွားဆရာဝန်ဆီ ဘယ်အချိန်မှာစပြီး သွားသင့်ပြီလဲ?
---------------------------------------------------------------
The American Academy of Pediatrics နှင့် the American Academy of Pediatric Dentistry မှ အကြံပြုထားသည်မှာ ကလေးပထမဆုံးသွားမပေါက်ခင် ၆လအတွင်း (သို့) တစ်နှစ်ပြည့်သည်နှင့်သွားသင့်ပါသည်။ (မြန်မာနိုင်ငံတွင်တော့ ထိုအလေ့အထရှိ/မရှိ မသိပါ။)
သင့်ကလေးငယ်အား သွားစစ်ဆေးမှုမပြုလုပ်ရသေးပါက မိမိကလေးငယ်နှင့်အဆင်ပြေနိုင်မည့် သွားဆရာဝန်စတင်ရှာဖွေသင့်ပါပြီ။ ထို့နောက် သွားဆရာဝန်မှ ကလေးငယ်လိုအပ်ချက်အပေါ်မူတည်၍ ညွှန်ကြားသည့်အတိုင်း သွားဆေးခန်းပုံမှန်သွားပေးသင့်ပါသည်။
source: “Tooth care for children” https://www.babycenter.com/0_tooth-care-for-children_11282.… မှဖြည့်စွက်ရေးသားသည်။