
ကိုယ်ဝန်ဆောင်ကာလမှာ မဖြစ်မနေ စဉ်းစားကြတဲ့ အကြောင်းအရာက ကိုယ်ဝန်ဆောင်အားဆေးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးကို ဘယ်လိုသောက်သုံးသင့်သလဲ၊ ဘယ်အချိန်မှာ စတင်သောက်သင့်သလဲ၊ ဆေးထဲမှာ ဘာဓာတ်တွေ ပါဝင်သလဲ စတာတွေဟာ မိခင်လောင်းတွေအနေနဲ့ သိလိုကြတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးဆိုတာကတော့ လူသားတို့ သုံးစွဲနေကြ ဗီတာမင်နဲ့ သတ္တုဓာတ်အချို့ထဲကမှ မိခင်လောင်းကျန်းမာရေးနဲ့ ကလေးရဲ့ ဖွံ့ဖြိုးမှုကို အထောက်အကူပြုမယ့် ဖြည့်စွက်အားဆေးတွေကို စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားဆေးမှာ အောက်ပါ ဗီတာမင်တွေ ပါဝင်ပါတယ်။ တနည်းပြောရရင် ကိုယ်ဝန်ဆောင်အားဆေးတမျိုးမျိုးကို သောက်သုံးတော့မယ်ဆိုရင် အောက်ပါအာဟာရဓာတ်တွေ ပါမပါ စစ်ဆေးသင့်ပါတယ်။

၁။ ဖောလိတ်
--------------
ဖောလိတ်ဟာ ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်မျိုးစုံအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကလေးကောင်းကောင်းဖွံ့ဖြိုးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အာရုံကြောမကြီး ကောင်းစွာ ဖွံ့ဖြိုးဖို့နဲ့ မျိုးရိုးဗီဇ ဒီအန်အေဖွဲ့စည်းနိုင်ဖို့ ဖောလိတ်ဟာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။

၂။ Omega 3
---------------
Omega 3 ခေါ် DHA ဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းအတွက် အလွန်အရေးကြီးပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးကောင်းဖို့၊ ကိုယ်ဝန်ဆောင်ကာလ ကျန်းမာဖို့ Omega 3 ကို လိုအပ်တယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ Omega 3 ကို ဆယ်လ်မွန်၊ တူနာ စတဲ့ငါးအမျိုးမျိုးနဲ့ အခွံမာရေသတ္တဝါတွေမှာ တွေ့နိုင်ပါတယ်။ ပင်လယ်ရေညှိမှာလည်း တွေ့ရပါတယ်။

၃။ ဗီတာမင် B12
--------------------
ဗီတာမင် B1ဟာ မျိုးရိုးဗီဇ ဒီအန်အေဖွဲ့စည်းရာမှာ အရေးပါပါတယ်။ ဗီတာမင် B12 ချို့တဲ့ရင် စွမ်းအင်ကုန်ခမ်းခြင်း၊ ဦးနှောက်အာရုံကြော အားနည်းခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင် B12 ကို အသားငါးတွေမှာ တွေ့ရပါတယ်။

၄။ ကိုလင်း Choline
-----------------------
ကလေးရဲ့ဦးနှောက်ကို ဖွံ့ဖြိုးလာစေဖို့ DHA အများအပြားကို လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ကိုလင်းကတော့ အဆိုပါ DHA ကို အချင်းမှတဆင့် ကလေးဆီ ရောက်နိုင်အောင် အကူအညီပေးပါတယ်။ ဒါ့အပြင် Omega 3 နဲ့ ပူးပေါင်းပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ပေးပါတယ်။

၅။ အိုင်အိုဒင်း
----------------
ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းကို ပိုမိုလိုအပ်ပါတယ်။ သင်ရော သင့်ကလေးဖွံ့ဖြိုးရေးအတွက်ပါ ဇီဝဖြစ်ပျက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေရလို့ ဖြစ်ပါတယ်။ အိုင်အိုဒင်းထည့်သွင်းထားတဲ့ ဆားတွေဟာ အိုင်အိုဒင်းရရှိုဖို့ အကောင်းဆုံးရင်းမြစ်တွေပါပဲ။

၆။ ဘိုင်အိုတင် (Biotin)
---------------------------
ဘိုင်အိုတင်ဟာ မျိုးရိုးဗီဇ ဒီအန်အေကပေးတဲ့ ညွှန်ကြားချက်တွေကို ရုပ်လုံးဖော်ပေးရာမှာ ပါဝင်ပြီး ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားရေးအတွက် အရေးပါပါတယ်။ ပုံမှန်အချိန်မှာ အစားအစာကနေ ရရှိတဲ့ ဘိုင်အိုတင်နဲ့ လုံလောက်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ပိုမိုလိုအပ်ပါတယ်။

၇။ ဗီတာမင် D3
------------------
နေရောင်ခြည်ဟာ ဗီတာမင် D ရရှိစေတဲ့ ရင်းမြစ်ဆိုတာကိုတော့ သိကြပြီး ဖြစ်ပါလိမ့်မယ်။ ယနေ့ခေတ်အခါမှာ နေရောင်ကနေ တတ်နိုင်သလောက် အကာကအကွယ်တွေနဲ့ နေကြပြီး ဗီတာမင် D ချို့တဲ့ခြင်းလည်း တွေ့ရများလာပါတယ်။ အရိုးများ၊ သွားများ၊ ကြွက်သားများ သန်စွမ်းကြံ့ခိုင်ဖို့ ဗီတာမင် D ကို လိုအပ်ပါတယ်။

၈။ သံဓာတ်
-------------
ကိုယ်ဝန်ဆောင်အားဆေးတိုင်းမှာ မရှိမဖြစ် ပါဝင်တတ်တဲ့ သတ္တုဓာတ်ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေ ကောင်းစွာဖွံ့ဖြိုးနိုင်စေဖို့၊ အောက်ဆီဂျင်ပါတဲ့ သွေးတွေကို သယ်ဆောင်နိုင်ဖို့၊ သွေးအားကောင်းဖို့ သံဓာတ်ကို လိုအပ်ပါတယ်။

----------------
#Ref( ဒေါက်တာသန့်ဇင် - မေမေနဲ့ကိုယ်ဝန်ဆောင်အားဆေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)