
ကလေးငယ်ရဲ့ တစ်နေ့တာအတွက် အကောင်းဆုံး အာဟာရကို ပေးစွမ်းနိုင်တာ မိခင်နို့ရည်ပါ။ လူ့လောကကို ရောက်ရှိလာတဲ့ ကလေးတစ်ဦးအနေနဲ့ ပထမဆုံး စားသုံးရတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ တဖြည်းဖြည်း ကြီးပြင်းလာပြီး အစာအမာတွေ စားနိုင်တဲ့ အရွယ်မှာတော့ နို့တိုက်ခြင်းကို ရပ်တန့်လိုက်သင့်ပါပြီ။
ဒါပေမယ့် တစ်ချို့သော မိခင်တွေကတော့ သူတို့ကလေးကို နို့ဖြတ်ဖို့ အကောင်းဆုံးအချိန်ကို မခန့်မှန်းတတ်ကြပါဘူး။ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆေးသိပ္ပံပညာရှင်တွေကလည်း ဒါကို ကိန်းဂဏန်းတွေနဲ့ တိတိကျကျ ဖော်ပြထားခြင်းမရှိပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းခြေကိုသာ ထုတ်ပြန်ထားခဲ့ပါတယ်။
အဲ့ဒါကတော့ မွေးကင်းစအရွယ်ကနေ ခြောက်လအရွယ်အထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပြီး တစ်နှစ်သားအရွယ်ကနေစပြီး နို့တိုက်ခြင်းကို ရပ်တန့်လို့ ရပြီလို့ ဖော်ပြထားခဲ့တာပါ။ အနည်းဆုံး ခြောက်လအထိကတော့ မိခင်နို့ရည်ကို မဖြစ်မနေ တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ ခြောက်လသားအရွယ် ရောက်သွားချိန်မှာတောင်မှ အစာအမာတွေကို ကျွေးဖို့ မသင့်တော်သေးပါဘူး။
အနည်းဆုံး တစ်နှစ်သားအရွယ် ရောက်ရှိမှသာ နို့တိုက်ခြင်းကို ရပ်တန့်ဖို့ စတင်စဉ်းစားသင့်ပါတယ်။ တကယ်တမ်း နို့တိုက်ခြင်းကို ရပ်တန့်ဖို့ဆိုတာ သင်နဲ့သင့်ကလေးက အဆင်သင့်ဖြစ်ပြီလားဆိုတာလည်း အများကြီး မူတည်နေပါတယ်။ သင့်ကလေးဟာ တစ်နှစ်ကျော်လာတဲ့အချိန်မှာ မိခင်တွေ စားနေတဲ့ အစားအစာတွေကို စိတ်ဝင်စားလာမယ် ၊ နို့စို့နေရင်း မကြာခဏ ကိုက်တတ်လာမယ်ဆိုရင် ဒါဟာ အစာအမာတွေနဲ့ စတင်မိတ်ဆက်ပေးဖို့ ပြသနေတဲ့ လက္ခဏာတွေပါပဲ။
HYA (kyarlay)