♦️️မီးဖွားစရိတ် ဘယ်လိုလျှောက်ထားမလဲ♦️
ကျွန်မ လူမှုဖူလုံရေးကနေ မီးဖွားစရိတ်ထုတ်ယူခဲ့တဲ့အချိန်ကစလို့ တစ်နှစ်ခွဲကာလအတွင်း မေမေတွေက လာဆက်သွယ်မေးမြန်းကြတာ ဒီနေ့ထိပါပဲ။ အားလုံးကို သိသမျှ မျှဝေရင်း မေမေတွေ အဆင်ပြေပြေထုတ်လို့ရခဲ့တယ်ဆိုတာ ပြန်ကြားတာနဲ့တင် ဝမ်းသာမိတာ အမှန်ပါပဲ။ သတင်းစကားလေးတစ်ခု လက်ဆင့်ကမ်းရုံနဲ့ မီးတွင်းကာလမှာ မနည်းတဲ့ငွေပမာဏရရှိတာဟာ မိခင်အသစ်စက်စက်လေးတွေအတွက် အကူအညီသိပ်ဖြစ်စေတာပေါ့ရှင်။ အလုပ်ရှုပ်မယ်ထင်လို့/ပမာဏနည်းနည်းပဲရမယ်ထင်လို့ ... အကြောင်းကြောင်းကြောင့် မထုတ်တော့ဘူး စိတ်ကူးနေတဲ့သူတွေအတွက် ဒီပိုစ့်လေးကို ထပ်မံရေးသားလိုက်ပါတယ်။
⛔ စာရွက်စာတမ်း၊ ရုံးအဝင်အထွက် ထင်သလောက် အလုပ်မရှုပ်ပါ။
💰 မီးဖွားစရိတ်ခံစားခွင့်ငွေ မနည်းပါ။ လစာ၂သိန်းရသူက ၅သိန်းခွဲခန့်၊ ၂သိန်းခွဲရသူက ၇သိန်းခန့်၊ ၃သိန်းနှင့်အထက် ရသူက ၈သိန်းခန့် ရရှိမှာ ဖြစ်ပါတယ်။
✅ ဘယ်သူတွေ မီးဖွားစရိတ် ထုတ်ယူလို့ရနိုင်မလဲ။
လူမှုဖူလုံရေး(SSB) လစဉ်ဆောင်ထားသူ၊ ဆောင်သည့်သက်တမ်း ၁နှစ်အထက်ရှိသူတိုင်း ထုတ်ယူနိုင်ပါတယ်။
✅ ဘယ်အချိန်မှာ မီးဖွားစရိတ် လျှောက်ထားလို့ရသလဲ။
မီးဖွားပြီး၂လအတွင်း လျှောက်ရပါမယ်။
✅ ပုဂ္ဂလိကဆေးရုံမှာမွေးရင်ရော လျှောက်လို့ရသလား။
ဘယ်ဆေးရုံမှာမွေးမွေး လျှောက်လို့ရပါတယ်။
✅️ ဘာတွေလုပ်ဖို့ လိုအပ်မလဲ။
ကိုယ်ဝန်ရှိနေစဉ် လူမှုဖူလုံရေးဆေးခန်းက ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။ SSBကတ်ရဲ့ နောက်ကျောဘက်မှာ ကိုယ်က ဘယ်မြို့နယ်ရဲ့ဆေးခန်းမှာ ပြရမလဲဆိုတာ ပါပါတယ်။ ကိုယ့်နေရပ်လိပ်စာနဲ့ နီးတဲ့ဆေးခန်းကိုပဲ ထည့်ပေးထားတာပါ။ ဆရာဝန်က ကိုယ်ဝန်ရှိကြောင်း စမ်းသပ်သိရှိမှ မီးမဖွားမီခွင့်(၆)ပတ်၊ မီးဖွားပြီး ခွင့်(၈)ပတ်ကို ခံစားခွင့်ရဖို့ လက်မှတ်ထိုးပေးမှာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ရှိစဉ်က မပြခဲ့ရင် မီးဖွားပြီး မွေးစာရင်းနဲ့အတူ သွားပြရပါမယ်။
✅ ဘယ်လိုစာရွက်စာတမ်းတွေ လိုအပ်မလဲ။
လူမှုဖူလုံရေးဆေးခန်းက ဆရာဝန်ရဲ့ ဆေးလက်မှတ်၊ မွေးစာရင်း၊ ကိုယ်တိုင်ရေးလျှောက်လွှာ နဲ့ အလုပ်ရှင်(သို့)HR Managerရဲ့ ထောက်ခံစာတို့ လိုအပ်ပါတယ်။
✅ ဘယ်ရုံးမှာ သွားလျှောက်ရမှာလဲ။
ကိုယ်SSBဆောင်တဲ့ ရုံးမှာ လျှောက်ရမှာပါ။ SSBကတ်ရဲ့ နောက်ကျောဘက်မှာ ရုံးနာမည်ပါပါတယ်။
✅ ဘယ်လိုတွက်ချက်ပြီး ပေးတာလဲ။
မီးဖွားခွင့်ရတဲ့ရက်တိုင်းမှာ တစ်နေ့၀င်ငွေရဲ့၇၀% နဲ့ မီးဖွားစရိတ်အဖြစ် တစ်လ၀င်ငွေရဲ့ ၅၀%တို့ ဖြစ်ပါတယ်။ မီးဖွားစရိတ် အမြင့်ဆုံးရရှိငွေဟာ (၈၃၆,၀၀၀)ကျပ် ဖြစ်ပြီး အမွှာမွေးရင်တော့ ဒီ့ထက်ပိုခံစားခွင့် ရှိပါတယ်။
✅ ဘယ်အချိန်မှာ ငွေထုတ်လို့ရပြီလဲ။
လဆန်းရက်လျှောက်ထားခဲ့ရင် ဒီလရဲ့တွက်ချက်မှုထဲမှာ ပါဝင်မှာမို့ နောက်တစ်လဆို ထုတ်လို့ရပါပြီ။ ဒီတော့ အကြမ်းဖျင်း ၁လ/၁လခွဲခန့်ပဲ ကြာပါတယ်။ SSBရုံးက ရရှိငွေချလန်ပဲ ပေးလိုက်မှာဖြစ်ပြီး အစိုးရဘဏ်မှာ သွားထုတ်ရမှာပါ။
🔺 ဒါ့ကြောင့် ကိုယ်တိုင်လစဉ်ပေးဆောင်နေရတဲ့အတွက် မီးဖွားချိန်အကျိုးခံစားခွင့် ပြန်လည်ရရှိမယ့် အခွင့်အရေးကို အဆုံးရှုံးမခံဘဲ မီးဖွားစရိတ်လျှောက်ထားသင့်ကြောင်း အကြံပြုပါရစေရှင်။
(ဒီlinkလေးကနေ shareနိုင်ပါတယ်ရှင် https://www.facebook.com/887311031601203/posts/1218452321820404/ )
ဖိုးပြုံးချိုလေးရဲ့ မေမေ
#လူမှုဖူလုံရေး
#မီးဖွားစရိတ်
#SSB