ဗိုက်ခွဲမွေးထားပြီး တစ်ပတ်အတွင်း ချုပ်ရိုးက နာပြီးတော့ စပ်သလို ဖြစ်နေပါတယ်။ ခွဲပြီးစမှာ အဲဒီလို ဖြစ်တတ်ပါလား? ပြီးတော့ ချုပ်ရိုးက ဘယ်အချိန်လောက်မှာ ကျက်ပြီးတော့ သွားနိုင်လာနိုင်ပါသလဲ? အခုနေ ဘေးစောင်းအိပ်လို့လဲ မရသေးပါဘူးလား?
ဗိုက်ခွဲတာတိုင်းမှာ အရေပြား ၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး ၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရပါတယ်။ ကလေးမွေးဖွားတာဆိုရင် သားအိမ်ကိုပါ ၃ ထပ် ချုပ်ပေးရတယ်။ နာတာမှာ ခံစားမှု မတူတာတွေ ရှိပါတယ်။ ဗိုက်ကို တစ်ခါမက ခွဲနေရတဲ့သူတွေဆိုရင် သတိထားစရာ တစ်ခုရှိတယ်။ တစ်ခါခွဲတိုင်း တွယ်ကပ်မှု ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ “Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်စေတယ်”
ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားဆိုတာ ရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ပဲ ယေဘုယျ ပြောနိုင်ပါတယ်။ အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဖို့ (၈) ရက်ထက် မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်ခန့်သာ ကြာတယ်။ STO ချုပ်ရိုး ဖြေတဲ့ရက်တွေ ဖြစ်ပါတယ်။ အရိုးကျိုးထားတာကတော့ အချိန်ပိုယူ ရပါမယ်။
အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေကလဲ ရက်တူတူ လောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ ပြောနိုင်ပါတယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်း ဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင် ပြောတာဖြစ်ပါတယ်။ ဗိုက်ကို အကြီးစားခွဲစိတ်မှုလုပ်ပြီးတော့ ချုပ်ရိုးကြောင်းတစ်ခုလုံး ဟပွင့်ထွက်ထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုး ဖြေတဲ့ရက်မှာပဲ ဖြစ်ပါတယ်။ ပြန်ချုပ်ရာမှာ အထူးစီမံပြီးတော့ ချုပ်ပေးရတယ်။ အဲလိုလူမျိုးကတော့ နောက်တစ်ခါ ချုပ်ရိုးပြေဖို့အတွက် ရက်ပို စောင့်ရပါမယ်။
HYA (kyarlay)