

၁။ ဘေဘီလေးရဲ့ ဝေယျာဝစ္စ ဝင်ကူပေးပါ
-------------------------------------------
ကလေးနဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စတွေကို ဖေဖေ့ ကိုလည်း အတူပါဝင်လုပ်ခိုင်းပါ။ ကျောင်းစာ ကူလုပ်ပေးတာ၊ အဝတ်အစား ဝတ်ပေးတာ၊ သွန်သင် ဆုံးမတာတွေကစလို့ ကလေးကိစ္စတွေမှာ ပါဝင်နေမှ ကလေးနဲ့ ပိုမို ရင်းနှီးလာမှာပါ။ အမြဲ ကလေးထိန်းပေးဖို့ မဆိုလိုပေမယ့် အလုပ် အရမ်းရှုပ်နေတဲ့ အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေး ချစ်ခင်စောင့်ရှောက်ပေးဖို့ပဲ လိုတာပါ။ ကလေး ရဲ့ ဝေယျာဝစ္စတွေမှာ ဇနီးကို ဝင်ကူညီပေးတာကလည်း ကလေး နဲ့ ကိုယ်နဲ့ ကြားက ရင်းနှီးမှုက အမေဖြစ်သူထက် မလျော့တော့ဘူးပေါ့။

၂။ အမြဲ ထိတွေ့မှု ရှိပါစေ
--------------------------
အချိန် ရတာနဲ့ ကလေး နဲ့ ဖေဖေ ရင်းရင်းနှီးနှီး ထိတွေ့မှု ရှိအောင် အတူ ရှိနေပေးပါ။ မိခင်၊ ဖခင်တွေ နဲ့ ချစ်ခင် နှောင်ဖွဲ့တဲ့ သံယောဇဉ်က ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို လည်း နှိုးဆွ အားပေးပါတယ်။ ကလေးကို ပွေ့ချီပေး၊ နမ်းရှုံ့ပေးပါ၊ ကြင်ကြင်နာနာ ပွေ့ချီထားရင်းနဲ့ ရင်ဘတ်ချင်း နီးကပ်အောင် ကြိုးစားရမှာပါ။

၃။ မဆူ၊ မအော်ဘဲ သွန်သင်ပါ
--------------------------------
အကြမ်းနည်း နဲ့ ဆုံးမတာက ကလေးအပေါ် သက်ရောက်မှု မကောင်းသလို အဖေကို မြင်ရင် ကြောက်နေစေတော့မှာပါ။ ကလေးကို မှန်ကန်တဲ့ သွန်သင်ဆုံးမနည်းက နားလည်အောင် ရှင်းပြ၊ ကလေးကိုယ်တိုင် လက်ခံလာအောင် ကြိုးစားတာ ပါပဲ။ ဖေဖေ လို့ တွေးလိုက်တာနဲ့ ကြောက်ရမယ်၊ အမှား လုပ်ရင် ဆူခံရတော့မယ် ဆိုတဲ့ စိတ် မဝင်စေဖို့ အဓိကပါ။ ဖေဖေ ဆိုတာ ကလေးအတွက် လေးစား အားကိုးစရာ၊ ချစ်ခင်စရာ အရိပ်အမိုး တစ်ခု ဖြစ်နေပါစေ။

၄။ ဘေဘီလေးနဲ့ အတူတူ ကစားပေးပါ
-----------------------------------------
ကလေးတွေနဲ့ ဖေဖေ အတူကစားလို့ ရတဲ့ နည်းတွေအများကြီးပါ။ အားလပ်ချိန် မိသားစုဆုံချိန် ကစားနည်း တစ်ခုခု ကစားရင်း ဖေဖေ၊ မေမေနဲ့ သားသားမီးမီးတို့ ရင်းနှီးချစ်ခင်မှုကို တိုးအောင် လုပ်နိုင်ပါတယ်။

၅။ အိမ်အပြန် လက်ဆောင် တစ်ခုခု ဝယ်လာပေးပါ
----------------------------------------------------
ဖေဖေ အိမ်ပြန်လာတဲ့ အခါ ဒါမှမဟုတ် လမ်းကြုံတဲ့ အခါတိုင်း မုန့် ဖြစ်ဖြစ်၊ ကစားစရာ ဖြစ်ဖြစ် လက်ဆောင်တစ်ခုခု ပါလာခဲ့ဖို့ သားသားမီးမီးတိုင်း မျှော်လင့်ကြပါတယ်။ ကလေး အတွက် အာဟာရ ပြည့်မယ့် အစားအသောက် ဒါမှမဟုတ် သူကြိုက်တဲ့ ကစားစရာလေးတွေ၊ အရုပ်လေးတွေ လက်ဆောင်ပါလာတော့ ပျော်မှာ သေချာတာပေါ့။ ဖေဖေ့ ကိုလည်း ပိုချစ်လာမယ်လေ။

၆။ ဖေဖေ နဲ့ အတူ အပြင်ခေါ်သွားပါ
--------------------------------------
မိသားစု လိုက် အပြင်သွားတာ၊ ကစားကွင်း သွားတာ၊ ပျော်ပွဲစား ထွက်တာတွေ လည်း လုပ်ပါ။ ဒါပေမယ့် တစ်ခါတလေ တော့ မေမေက နေခဲ့ပြီး သားအဖ တွေ အပြင်သွားခိုင်းပါ။ ပြင်ပ အတွေ့အကြုံ နဲ့ ဗဟုသုတ တွေကို ဖေဖေ့ ဆီက သင်ယူလေ့လာပါစေ။ အလုပ်တစ်ဖက်နဲ့ မိသားစု ကို အချိန် သိပ်မပေးနိုင်တဲ့ ဖေဖေတွေ အတွက် ဒီဆောင်းပါးလေးက အထောက်အကူ တစ်ခုခု ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
#Ref( ယုစန္ဒီနန်းမွန် - ဘေဘီလေးနဲ့အဖေဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)