မေမေတို့ရေ သွေးအားနည်းရောဂါနဲ့ပတ်သက်ပြီး မိသားစုတွေမှာ သတိမမူမိတတ်ကြတာများပါတယ်။ သွေးအားနည်းရောဂါကြောင့် တိုက်ရိုက်ကြီး ထိခိုက်ခံစားရတာတွေမများဘူးဆိုပေမယ့် အဲ့ဒါကြောင့်အခြားရောဂါတွေ နောက်ဆက်တွဲဖြစ်နိုင်တာရှိလို့ မိသားစုတွေအားလုံးက သွေးအားနည်းရောဂါနဲ့ပတ်သက်ပြီး သတိပြုမိစေလိုပါတယ်။သွေးအားနည်းရောဂါက အသက်အရွယ်၊ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မူကြိုအရွယ်ကလေးငယ်တွေမှာ ပိုမို ဖြစ်ပွားတတ်ပါတယ်။သွေးအားနည်းရောဂါဖြစ်ပွားရတာကတော့ ခန္ဓာကိုယ်က သံဓာတ်ရရှိမှုနည်းပါးတာ၊ သံဓာတ်ထုတ်လုပ်မှုများပြားတာတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ မူကြိုအရွယ်ကလေးငယ်တွေကတော့ အခြားသူတွေထက်ပိုပြီး သံဓာတ် လိုအပ်ချက်များပြားတာကြောင့် ပိုမို ဖြစ်ပွားနိုင်တာလည်းဖြစ်ပါတယ်။
တကယ်လို့ လူကြီးတွေမှာ သွေးအားနည်းရောဂါဖြစ်လာပြီဆိုရင်တော့ မောပန်းလွယ်၊ ညောင်းညာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ရန်တုန်မူးဝေတာ၊ နှုတ်ခမ်း၊ မျက်ခမ်း၊ လက်ဖဝါးတို့မှာ ဖြူဖတ်ဖြူလျော်ဖြစ်ပြီးတော့ အစားအသောက် ပျက်တာတွေဖြစ်တတ်ပါတယ်။ ရောဂါပြင်းထန်လာပြီဆိုရင်တော့ နှလုံးရောဂါ၊ ဖောရောင်တာ၊ နှလုံးပျက်ယွင်းပြီး အသက်သေဆုံးတာတွေအထိဖြစ်ပွားတတ်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ လူကြီးတွေလို အလွယ်တကူမသိနိုင်ဘဲကျန်းမာရေးနဲ့ သန်စွမ်းမှုချို့ယွင်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ကလေးတွေမှာ ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုလည်း ထိခိုက်ပြီး ချူချာတတ်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွေးအားနည်းတယ်ဆိုရင်တော့ လမစေ့၊ ပေါင်မပြည့်တဲ့ကလေးမွေးဖွားတတ်သလို မိခင်နဲ့ကလေးအတွက်လည်း အသက်အန္တရာယ်ကို ထိခိုက်စေတတ်ပါတယ်။
မိသားစုတွေအားလုံးအတွက် သွေးအားနည်းရောဂါမဖြစ်ပွားအောင်ကာကွယ်နိုင်ဖို့ဆိုရင်တော့ အသား၊ အသည်း၊ သွေးခဲစတဲ့သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ သံဓာတ်ကြွယ်ဝတဲ့အသီးအရွက်တွေကို စားသောက်ပေးသင့်ပါတယ်။ သံဓာတ်ဆေးဝါး၊ ဆေးရည်တွေကို သောက်ပေးဖို့လည်းလိုသလို တကိုယ်ရည်သန့်ရှင်းရေးကလည်း အရေးပါလို့ မိသားစုတိုင်း သေချာ ဂရုပြုသင့်ပါတယ်။ အဓိကကတော့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ အာဟာရပြည့်ဝအောင်စားသုံးပေးဖို့လိုအပ်တာကြောင့် အိမ်ရှင်မတွေအားလုံးက နေ့စဉ်စီမံချက်ပြုတ်မှုတွေကို စနစ်တကျလေးနဲ့ ဆောင်ရွက်ပေးဖို့လည်း လိုပါတယ်နော်။ ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြစေဖို့ ကျားလေးက တောင်းဆုပြုပါတယ်နော်။
Ref;HM (ကျားလေး)