မေမေ့နေရာမှာ သမီးသာဆိုရင်
တစ်ချိန်ကျ သမီးလေးကြီးပြင်းလာတဲ့အခါ
ကိုယ့်လိုမျိုး ငါ့အတွက်ဆို ဘယ်သူမှအဆင်သင့်မရှိဘူးဆိုတဲ့အတွေးမျိုးတောင် ရှိလာလိမ့်မှာမဟုတ်ဘူး..
ကိုယ်တစ်ယောက်ဟာဖြင့် သူမအတွက်သာ လုံလောက်စွာရှင်သန်ပေးနေမှာပဲဖြစ်တယ်..
မိခင်မေတ္တာဆိုတာကို စာစီစာကုံးပဲရေးရေး စကားနိုင်ပဲလုလု သူငယ်ချင်းတွေနဲ့စကားစမြည်ပဲပြောပြော သူမအတွက်ဆွေးနွေးစရာစကားလုံးတွေအပြည့်နဲ့ ပြောမိတဲ့အခွန်းတိုင်းမှာ သူမပြုံးနေစေရမယ်..
သမီးကိုဘယ်သူမှနားမလည်ကြဘူးဆိုတဲ့စကားဟာ သူမပါးစပ်က ဘယ်တော့မှ မပြောဖူးတဲ့စကားပဲဖြစ်လိမ့်မယ်..
မေမေ့နားမှာချွဲနွဲ့ချင်လို့ပါ မေမေ့ကိုချစ်လို့ပါနော်လို့ပြောစရာမလိုပဲ အမေနားကို အချိန်တိုင်း စိတ်လိုလက်ရကပ်ခွင့်လည်းရဦးမယ်..
မေမေရယ် "ဘာလို့"ဆိုတဲ့ မေးခွန်းတွေမရှိအောင်ကို ကြိုးစားပေးချင်တယ်..
ဘဝမှာဘယ်လိုစိတ်ရှုပ်မှုတွေကြုံလာပါစေ သူမဟာ ဓားစာခံမဖြစ်စေရဘူး..
သူမလေးဘဝမှာလေ အမေကြောင့် မျက်နှာတစ်ချက်ပျက်စေမှာမဟုတ်ဘူး..
အမေကြောင့်လဲ အရှက်ရတာတွေ ထိခိုက်ခံစားရတာတွေရှိလာမှာမဟုတ်ဘူး..
ကြီးပြင်းလာတာနဲ့အမျှ လူပေါင်းစုံနဲ့ကြုံရလို့ စိတ်ပင်ပန်းရမယ် ဒေါသထွက်ရမယ် ဒီလိုကျရောက်လာမဲ့သောကတွေထဲ သောကရောက်စေမဲ့လူစာရင်းက မေမေကထာဝရ နှုတ်ထွက်ပြီးသားပဲ..
ဘယ်အရာမှ ကံမကောင်းခဲ့ရင်တောင် သားသမီးကံတော့ကောင်းစေရမယ်.. မေမေ့သမီးလေးရဲ့ ကံကောင်းစေရမယ်.. ပြန်လှည့်ကြည့်တိုင်း ပြုံးစေရပါ့မယ်..
အားငယ်ဝမ်းနည်းတဲ့အခါ အနွေးထွေးဆုံးရင်ခွင်တစ်စုံအဖြစ် ဒီမေမေကရှိနေပေးဦးမှာ..
လိုချင်တာတွေကို ကြိတ်မှိတ်မြိုသိပ်ငေးမောနေရမဲ့အဖြစ် သမီးကြုံဖူးမယ်လို့တောင် မသေချာသေးဘူး.. မေမေ့မှာ ကြိုးစားဖို့အချိန်တွေရှိသေးလို့ပါ..
မေမေကအရမ်းချစ်လို့ စိတ်မဆိုးပါနဲ့..
မေမေကအရမ်းနားလည်ပေးလို့စိတ်မဆိုးပါနဲ့..
မေမေကသမီးရဲ့အရာရာကို ကြိုသိနေပေးမှာမို့ စိတ်မဆိုးပါနဲ့..
သေချာတာတစ်ခုကတော့ မေမေနာကျင်ခံစားရတဲ့အချိန်တိုင်းမှာ သမီးသာဆိုရင် မေမေရှိနေမှာပဲဆိုတဲ့စိတ်နဲ့တင် ဝေဒနာတစ်ဝက်လျော့ရတယ်..
မေမေ့နေရာမှာ သမီးသာဆိုရင် မေမေရှိနေမှာမို့ မေမေ့လိုနာကျင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့တင် မေမေ့သောက တစ်ဝက်လျော့ရတယ်..
ကျန်းမာစွာကြီးပြင်းလာပါ..
စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဘာမှမထိခိုက်ရအောင်တာဝန်ယူပါတယ်..
အပူပင်ကင်းစွာ ရယ်မောနေပေးပါ..
အပူအပင်တွေအကုန် ဖြေရှင်းပစ်လိုက်ဖို့ တာဝန်ယူပါတယ်..
မေမေ့နေရာမှာ သမီးသာဆိုရင် မေမေရှိနေမှာပဲဆိုတဲ့စိတ်နဲ့တင် ဒီမာန်တွေဟာ ထပ်ထပ်တင်းမိပြန်တယ်..
#crd
မေဂျူး
၂၅.၁၂.၂၀၁၇ (တနင်္လာ)
သမီးလေး ၂နှစ် ၅လ ၂၃ရက်