လမစေ့ဘဲကလေးမွေးခြင်းကို ကာကွယ်ပါ
•••••••••••••••••••••••••••••••••
(၁) ဘယ်အရွယ်ကို ခေါ်သလဲ
••••••••••••••••••••••••
၃၇ ပတ်မပြည့်ခင်မွေးသော မွေးကင်းစကို တရားဝင် ခေါ်သည်။ သို့သော် ၃၆ ပတ်နှင့်မွေးသော ကလေး အများစုတွင် ပြဿနာမရှိလှပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခေတ်မီ စက်ကိရိယာ၊ နည်းပညာများသုံး၍ ၂၃ ပတ်အရွယ် စောထွက်လာသော ကလေးကို ဆရာဝန်များက အသက်ရှင်အောင် ကြိုးစားပေးနိုင်သည်။
မြန်မာနိုင်ငံတွင် ကျေးလက်တောရွာနှင့် နေရာဒေသအမျိုးမျိုးရှိ ဆေးရုံအများစုတွင် " မွေးကင်းစအထူးကြပ်မတ်ဆောင်" မရှိသေး၍ စောမွေးသော ကလေးကို အသက်ရှင်အောင်ကုဖို့ ကလေးဆရာဝန်အတွက် ခက်ခဲလှသည်။ အထူးသဖြင့် ၂၃ ပတ်နှင့် ၃၄ ပတ်ကြားကလေးများ အသက်ရှင်ဖို့ ခဲယဉ်းသည်။ စောလေ ခက်လေဖြစ်သည်။
လမစေ့သော မွေးကင်းစ အသက်မဆုံးရှုံးရန် အကောင်းဆုံးနည်းလမ်းက လမစေ့ဘဲ မွေးခြင်းကို ကာကွယ်ရန်ဖြစ်သည်။
(၂) စောမမွေးအောင် ကာကွယ်၍ရသောအကြောင်းရင်းများ
•••••••••••••••••••••••••••••••••
အချို့မိခင်များတွင် ကျန်းမာလျက်နှင့် အကြောင်းမရှိဘဲ စောမွေးတတ်သည်။ ကာကွယ်၍ မရပါ။
ကာကွယ်၍ရသောအကြောင်းရင်းများမှာ
-ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်မအပ်ဘဲ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု မယူခဲ့ခြင်း
-ကိုယ်ဝန်ဆောင်မိခင် အာဟာရချို့တဲ့လွန်းခြင်း၊ ပိန်လွန်းခြင်း၊ ဝလွန်းခြင်း
-ကိုယ်ဝန်ဆောင်မိခင် ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်းနှင့် အထွေထွေကူးစက်ရောဂါများရှိလျှင် အချိန်မီ မကုသခြင်း
-ကိုယ်ဝန်ဆောင်မိခင်တွင် သွေးတိုး၊ ဆီးချိုရောဂါကို မစစ်၍ ရှိမှန်းမသိခြင်း၊ သိသော်လည်း မကုသခြင်း
-ကိုယ်ဝန်ဆောင်မိခင်တွင် စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျရောဂါရှိခြင်း၊ စိုးရိမ်ပူပန်မှု လွန်ကဲခြင်း
-ကိုယ်ဝန်ဆောင်မိခင်က ကိုယ်လက်လှုပ်ရှားမှု လွန်ကဲပြီး ခန္ဓာကိုယ် ပင်ပန်းစေသော အလုပ်များ လုပ်ရခြင်း
(အချို့မိခင်များ အသက်မွေးဝမ်းကျောင်းဖို့ လုပ်ရကြောင်း နားလည်ပါသည်။)
-ကိုယ်ဝန်ဆောင်မိခင်နား ဆေးလိပ်သောက်သူရှိခြင်း၊ မိခင်ကိုယ်တိုင် ဆေးလိပ်၊ အရက်သောက်ခြင်း
(၃) ဘယ်လိုကာကွယ်မလဲ
•••••••••••••••••••••
-ကိုယ်ဝန်စရှိကတည်းက လက်မှတ်ရ သားဖွားဆရာမ (သို့) မိသားစုဆရာဝန် (သို့) သားဖွားအထူးကု ဆရာဝန်နှင့် လိုအပ်သည်များကို ပုံမှန်စစ်ဆေးကုသပါ။
-အာဟာရပြည့်ဝအောင်စားပါ။
-ဖျားခြင်း၊ နာခြင်းကို ဆေးမြီတိုနှင့် စမ်းပြီး အချိန်မဆွဲပါနှင့်။ နည်းမှန်လမ်းမှန် ကုသနိုင်သော ဆရာဝန်နှင့်ပြသပါ။
-သွေးတိုး၊ ဆီးချိုရှိမရှိ စစ်ဆေးပါ။ ရှိလျှင် ဆေးကုပါ။
-စိတ်ကျန်းမာအောင်နေထိုင်ပါ။ ခင်ပွန်း၊မိသားစုနှင့် ယုံကြည်ရသော မိတ်ဆွေများကို မကြာခဏစကားပြောပါ။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများပြင်းထန်လာလျှင် စိတ်ရောဂါဆရာဝန်နှင့် တိုင်ပင်ကုသပါ။
နေနေမိုးဆွေ (Child Health Myanmar Page)
( Share ကိုနှိပ်၍ မျှဝေခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများ သတိရှိအောင် ကူညီနိုင်ပါသည်။ )